ကဝမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး၊ ပြည်သူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရ

ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုမြင့်။ (ပုံ – ပေးပို့)

ရောင်နီ(မဇ္စျိမ)။ ။ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အပြစ်မဲ့ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

က၀မြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုမြင့်ဆိုသူကို ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၁၀ ခွဲဝန်းကျင်အချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ သရက်ကုန်းရွာ ရွာတော်ရှင် နတ်ကနားပွဲကို အုပ်ကြီးနဲ့သူ့တပည့်ပျူတွေက ဦးစီးလုပ်ပြီး လုံခြုံရေးယူပေးထားကြတာ။ အဲ့ဒီပွဲထဲမှာပဲ Kawa PDF က ရဲဘော်တွေက အုပ်ကြီး ဘိုမြင့်ကို အနီးကပ် ပစ်ခတ်ရှင်းလင်းတာ ဖြစ်ပါတယ်” ဟု KPDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ အနီးကပ် ပစ်ခတ်မှုကြောင့် သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင် ဦးဘိုမြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း KPDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဦးဘိုမြင့်ဆိုသူသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်းသည် စစ်ကောင်စီတပ်ထံတွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ထားပြီး သေနတ်ကိုင်ဆောင်ထားကာ ကျေးရွာအတွင်းရှိ အာဏာသိမ်းဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

သရက်ကုန်းကျေးရွာသည် ကဝမြို့နယ်အတွင်းရှိ ကျေးရွာကြီးတရွာဖြစ်ပြီး သက္ကလမြို့နယ်နှင့် ခုနစ်မိုင်သာ ကွာဝေးသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် သရက်ကုန်းကျေးရွာအပါအဝင် အနီးရှိ ကျေးရွာရှစ်ရွာကို စစ်ကောင်စီတပ်က အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီး ပြည်သူ့အချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။

“ နတ်ကနားကတဲ့ သဘင်ပညာသည်တွေကိုလည်း ဖမ်းဆီးစစ်နေတာရှိတယ်။ လက်ရှိက အရပ်သား လင်မယား နှစ်ဦးရယ်၊ နတ်ကနားပွဲက နှစ်ဦးလို့ သိထားတယ်။ အဲ့ဒီ့ထက်လည်း များနိုင်တယ်” ဟု ဒေသခံတဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ ကျေးရွာများအတွင်း ကင်းပုန်းဝပ်ခြင်း၊ စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်နေပြီး ကဝမြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ဒေသခံများက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုကို ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပြီး တပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ ပစ်ခတ်ရှင်းလင်းမှုပြီးပြီးချင်း သူတို့ဘက်က ပြန်ပစ်တာရှိတယ်။ ပွဲထဲမှာ ပြည်သူတွေလည်းရှိနေတော့ ထိခိုက်မှာစိုးလို့ အပြန်အလှန် ပစ်ခတ်မှု မလုပ်ဘဲ ဘိုမြင့်ကို ပစ်ပြီးတာနဲ့ ဆုတ်ခွာခဲ့တယ်။ နတ်ကနားပွဲကတော့ ပျက်သွားပါတယ်။” ဟု KPDF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ကဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဦးတည်တိုက်ခိုက်မည့် သပြေညို မြို့ပြစစ်ဆင်ရေးကို က၀မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ယခုလ(ဒီဇင်ဘာလ)တွင် စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း အုန်းနှဲကျေးရွာရဲစခန်းရှေ့ရှိ ဂိတ်ပေါက်ကို ဖောက်ခွဲတိုက်ခိုက်ကာ သပြေညို မြို့ပြစစ်ဆင်ရေးကို စတင်ခဲ့ပြီး ယခုတကြိမ် ပျူစောထီးခေါင်းဆောင်အား ရှင်းလင်းမှုသည် ဒုတိယအကြိမ်တိုက်ခိုက်မှု ဖြစ်ကြောင်း KPDF တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)