ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ဒေသခံအမျိုးသား ၂၀ ကျော် ဖမ်းဆီးခံရ ဟုဆို

ထားဝယ်မြို့ပေါ်က ဘုမ္မော်ရပ်ကွက်အား တွေ့ရစဉ်။

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စားပြင်ရပ်ကွက် ဆိပ်ကမ်းတွင် ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက ဒေသခံ အမျိုးသား ၂၀ ကျော်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ငါးစျေးအနီးသို့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်အင်အားအများအပြားနှင့် ကားခြောက်စီးဖြင့် ရောက်ရှိလာပြီးနောက် ဆိပ်ကမ်းတဝိုက်ရှိ အရပ်သားများကို အကြောင်းမဲ့ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။

ကြက်စားပြင်ရပ်ကွက်နေ ဒေသခံအမျိုးသမီး တဦးက “ညကတော့ ရပ်ကွက်ထဲမှာ ဝင်ဖမ်းတယ်လို့တော့ ကြားရတယ်၊ ဘယ်နှစ်ဦး ဖမ်းခံရတယ်ဆိုတာ သေချာမသိရဘူး၊ လက်ရှိ ပြန်လည်လွတ်မြောက်လာတာမျိုးလည်း မကြားရသေးဘူး”ဟု ပြောသည်။

ထားဝယ်မြို့ပေါ်က ဘုမ္မော်နှင့် ကြက်စားပြင်ရပ်ကွက်နှစ်ခုကို ယခုတပတ် အတွင်း စစ်ကောင်စီတပ်က နေ့‌ရော ညပါ အစစ်အဆေး တင်းကျပ်တာမျိုး ပြုလုပ်နေသလို စစ်ဆေးမေးမြန်းမှုများပါ ပြုလုပ်နေ၍ ဒေသခံများ စိုးရိမ် ထိတ်လန့်နေရကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ ရပ်ကွက်တွေမှာ ဒီရက်ပိုင်း နေ့တိုင်း ဖမ်းဆီးရှိနေတယ်၊ အထူးသဖြင့် တောရွာတွေက ဒေသခံတွေနဲ့ စစ်ရှောင်တွေ လာနေတာများတော့ ပိုပြီးစစ်ဆေး ဖမ်းဆီးခံနေရတာမျိုးရှိနေတယ်”ဟု ဘုမ္မော်ရပ်ကွက်နေ ဒေသခံသတင်းအရင်းမြစ် အမျိုးသား တဦးက ပြောသည်။

လက်ရှိ ကြက်စားပြင်ရပ်ကွက်တွင် မနေ့ညပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ အမျိုးသားအများစုသည် ဆိပ်ကမ်းတွင် နေထိုင်သည့် ငါးဖမ်းလှေပြုပြင်နေသူများနှင့် တံငါသည်များ ဖြစ်ကြကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါဖမ်းဆီးမှုများ၏ အရေအတွက် အတိအကျကိုမူ မဇ္ဈိမက စုံစမ်းဆဲဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ထားဝယ်မြို့ပေါ်ကို တက်လာသည့် ရုပ်သံဖိုင် တခု ထွက်ပေါ် လာပြီးနောက်ပိုင်း ဘုမ္မော်နှင့် ကြက်စားပြင်ရပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်က နေ့ရော ညပါ ကင်းလှည့်ခြင်းနှင့် လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးစစ်ဆေးခြင်း ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)