ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာဖြင့်ပစ်ခတ်၊ ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံး

ဒီဇင်ဘာလ ၂၈ရက်တွင် ဝန်းသိုတပ်ကုန်းမှ ကောလင်းမြို့သို့ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်၍ ပျက်စီးသွားသောနေအိမ်များ/ဓာတ်ပုံ။ ။ ပြည်သူမှပြည်သူသို့ ( ကောလင်း)

ကိုခင်မောင်(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပြည်သူမှပြည်သူသို့ (ကောလင်း) အဖွဲ့ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင်တကြိမ် ၊ ၁၀ နာရီ ၃၅မိနစ်တွင်တကြိမ် ၊ ၊ နံနက် ၁၁ နာရီတွင်တကြိမ် နှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တကြိမ်၊ တနေ့တည်းမှာပင် စုစုပေါင်း လေးကြိမ် ဝန်းသိုမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများမှ ကောလင်းမြို့သို့ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“အပြစ်မဲ့အရပ်သားပြည်သူ လေးဦး နှင့် ဘုန်းကြီးတပါး လက်နက်ကြီးထိမှန်ခဲ့ပြီး ဦးကျော်ဝင်း (အသက် ၆၆နှစ်)၊ နှစ်နှစ်အရွယ်ကလေးတဦးနဲ့ ရှစ်နစ်အရွယ်ကလေးတဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။” ဟု ပြည်သူမှ ပြည်သူသို့ (ကောလင်း)အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော ဟောင်ဝစ်ဇာလက်နက်ကြီးကြောင့် အသက် နှစ်နှစ် အရွယ်ကလေးငယ်က ဦးခေါင်းပွင့်ထွက်သွားပြီး နောက်ထပ်တဦးသည်လည်း တကိုယ်လုံး ကျည်စများမှန်ကာ အသက် ၆၆နှစ်အရွယ်အမျိုးသားသည် လက်နက်ကြီးစ ရင်ဘက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတာဝန်ခံထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှု လေးကြိမ်စလုံးသည် ကောလင်းမြို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် သုံးလုံးထိခိုက်ပျက်စီးကာ ဘုန်းကြီးကျောင်း တကျောင်းပျက်စီးသွားသည့်အပြင် ဆရာတော်တပါးနှင့် ကလေးနှစ်ဦး၏မိခင်ကလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည် ဒီဇင်ဘာလ ၇ရက်နေ့တွင်လည်း ကောလင်းမြို့သို့ ဝန်းသိုစစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် သုံးကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများနှင့် လူနေအိမ်များထိခိုက်မှုမရှိကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)