နမ္မတူနှင့် သီပေါမြို့ကြားရှိ မိုးတေတံတားကို စစ်ကောင်စီတပ် ဖောက်ခွဲဖျက်ဆီးဟု TNLA နှင့် ဒေသခံများပြော

ပျက်စီးသွားသော မိုးတေ တံတား/ဓာတ်ပုံ − ပေးပို့

ရွှေနွယ်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နှင့် သီပေါမြို့ အကြားရှိ မိုးတေတံတားကို ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လာရောက်မိုင်းခွဲ၍ တံတားကျိုးသွားသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

အဆိုပါ တံတားသည် လားရှိုးမှ နမ့်ဆန်၊ နမ္မတူ၊ မန်တုန်မြို့များသို့ ဆက်သွယ်ထားသည့် လမ်းဖြစ်သည်။

“၅၀၃၊ ၅၀၄ တပ်က ဗုံးလာပစ်တာ။ တံတားပေါက်ပြီး ကား သုံး စီးနဲ့သူတို့ကိုပြန်လာကြိုသွားတာ။ လားရှိုးက ဒီတလမ်းပဲသွားလာရတော့တာ” ဟု သီပေါမြို့ဒေသခံက မဇ္ဈိမကိုပြောသည်။

ခြေမြန်တပ်ရင်း ခမရ (၅၀၃) နှင့် (၅၀၄) တပ်တို့သည် သီပေါမြို့အခြေစိုက်တပ်များဖြစ်သည်။

“သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှလာရောက်ပြီး မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။ မိုးတေချောင်းတံတားသည် သီပေါ – နမ္မတူ – မန်တုံ – နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်သည်” ဟုလည်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်တွင် ထုတ်ပြန်ကြေညာသည်။

သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်သော မှိုင်းဝေတယ်လီဂရမ်ချန်နယ်တွင်မူ “သီပေါ-နမ္မတူလမ်း ကို ဆက်သွယ်ထားတဲ့ မိုးတေ တံတားကို အကြမ်းဖက် TNLA ပလောင်အဖွဲ့မှ မိုင်းခွဲဖျက်စီး” ဟု ယနေ့ နံနက်ပိုင်းတွင် ရေးသားဖော်ပြထားသည်။

သို့သော် သတင်းရေးသားနေဆဲ နံနက် ၈ နာရီ ၃၀မိနစ်အချိန်ခန့်အထိ စစ်ကောင်စီအနေဖြင့် မိုးတေ တံတားကျိုးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

TNLAက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နမ့်ဆန်မြို့၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မန်တုန်မြို့နှင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် နမ္မတူမြို့တို့ကို အောင်မြင်စွာသိမ်းပိုက်ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ဟိုဘက်ကနေ TNLA ဆင်းလာမှာစိုးတာမျိုးလားမသိဘူး။ ရွာကလူတွေလည်း အဲ့လိုထင်ပါတယ်” ဟု သီပေါမြို့ ဒေသခံက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ယခု ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA မှ သိမ်းပိုက်ထားနိုင်သည့် မြို့ပေါင်း ငါးမြို့ရှိပြီဖြစ်ကြောင်း TNLA ၏ ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး