လေကြောင်းဖြင့်ဗုံးကြဲပြီးနောက် ဒေသခံ ၈၀ ထက်မနည်း ဖမ်းဆီးထားဟုဆို

သပိတ်ကျင်းမြို့အ၀င်ဆိုင်းဘုတ်(ပုံဟောင်း)/Photo- CJ

007(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးနှင့်ငါးတန့်အိုင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ဒေသခံ ၈၀ ဦးထက်မနည်း ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်က အဆိုပါကျေးရွာနှစ်ရွာအနီး၀န်းကျင်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၎င်းတို့၏မြေပြင်စစ်ကြောင်းတခုက ငါးတန့်အိုင်ကျေးရွာထဲ၀င်ရောက်ကာ အမျိုးသမီးများအပါအ၀င် ကျေးရွာဒေသခံ ၈၀ ထက်မနည်းကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ရွာကျောင်း(ကျေးရွာဘုန်းကြီးကျောင်း)ထဲမှာ ဖမ်းထားတာ၊ အားလုံးပေါင်း ၈၀ ကျော်တယ်၊ ၈၃ ယောက် လောက်ရှိမယ်ထင်တယ်၊ အဲဒီထဲက သက်ကြီးရွယ်အိုတချို့တော့ ပြန်လွတ်လာတယ်၊ ဘာလို့ဖမ်းတယ်တော့ မသိဘူး” ဟု မတ္တရာမြို့ဘက်စစ်ဘေးရှောင်လာသည့် ဒေသခံတဦးကပြောသည်။

ဒေသခံများအပြင် ဒေသတွင်းဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်မောင်းတချို့လည်း ဖမ်းဆီးခံထားရကြောင်း သတင်းများထွက်နေပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဘယ်တပ်ရင်းကလဲဆိုတာတော့ မသိနိုင်ဘူးပေါ့ဗျာ၊ လောလောဆယ်ထွက်ပြေးလာတာတွေက၊ (လူ)၁၀၀ ကျော်တယ်၊ ထွက်ပြေးခွင့်မရလိုက်သူတွေတော့ ရွာထဲပိတ်ကျန်ခဲ့တာပေါ့” ဟု စစ်ဘေးရှောင်ဒေသခံတဦးကပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၉ ရက်)နံနက်ပိုင်း နောက်ဆုံးရရှိသတင်းအရ ငါးတန့်အိုင်ကျေးရွာထဲရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာဘုန်းကြီးကျောင်းတွင်တပ်စွဲနေပြီး ဖမ်းဆီးခံထားရသူများနှင့်လည်း အ ဆက်အသွယ်ဖြတ်တောက်ထားကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် မန္တလေး-ဗန်းမော်ကားလမ်း၊ မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ ငါးတန့်အိုင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကျေးရွာအနီးအထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ပွိုင့်ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်ရုံးတပ်ဖွဲ့၊ သပိတ်ကျင်းတိုက်နယ်ပကဖ၊ ပြင်ဦးလွင်ခရိုင် Drone တပ်ဖွဲ့၊ အမှတ်(၂) ရွှေဘိုခရိုင် Drone တပ်ဖွဲ့၊ Northern Tiger Drone တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ပြီး၊ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၏ ကာကွယ်ရေး၀န်ကြီးဌာနသတင်းထုတ်ပြန်ချက် အရသိရသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုစာရင်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး၌ သတင်း ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အထိနာသွားသည့်စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးနှင့်ငါးတန့်အိုင်ကျေးရွာအနီးကို တိုက်လေယာဉ် သုံးစီးဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်း၏မြေပြင်စစ်ကြောင်းတခုက ငါးတန့်အိုင်ကျေးရွာထဲစစ်ကြောင်းထိုး ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ချောင်းကြီးနှင့်ငါးတန့်အိုင်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)