မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းတွင် ကိုးကန့်အလံတင်နိုင်ပြီဟု ဒေသခံများပြော

ညီနောင်သုံးဖော်က သိမ်းလိုက်နိုင်သော ဗျူဟာကုန်းတည်ရှိရာမြေပုံ

009

လားရှိုး /မဇ္ဈိမ။ ။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီစခန်းကုန်းတွင် ကိုးကန့်တပ်အလံတင်ထားသည်ကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်နေ့) တွင် တွေ့ရှိကြောင်း မျက်မြင်သက်သေများကပြောကြားရာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်လိုက်နိုင်ပြီဟု ယုံကြည်ရသည်။

ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် ရက္ခိုင်( AA) တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း နယ်စပ်အနီးရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ရန် နိုငဝင်ဘာ ၂၆ ရက်နေ့ကတည်းက တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

” ဒီနေ့မနက်က ဗျူဟာကုန်း (စစ်ကောင်စီတပ်စခန်း) ထဲမှာ ကိုးကန့်တပ်ရဲ့ အလံလွှင့်ထားတာ တွေ့တယ်။ အဲဗျူဟာကုန်းက စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းပဲ။ ၁၀၅ မိုင်ကိုတော့ ထိန်းလိုက်ပြီ‌လို့ ပြောလို့ရတာပေါ့ ” ဟု ကုန်သွယ်ရေးဇုန်ရှိ အမျိုးသားတဦးက မဇ္ဈိမသို့ပြောသည်။

သို့သော်လည်း ကုန်သွယ်ရေးဇုန်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းကိုသိမ်းပိုက်နိုင်မှုနှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာခြင်းမရှိသေးသလို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ကောင်စီလက်အောက်ခံမီဒီယာများမှတဆင့် အစောပိုင်းရက်များက ထုတ်ပြန်ခဲ့သည်။

ညီနောင် သုံးဖွဲ့သည် ၁၀၅ မိုင်ရှိ နမ့်ပေါ်တံတားတပ်စခန်း၊ ၁၀၅မိုင်အဝင်တပ်စခန်းနှင့် ဗျူဟာကုန်းတပ်စခန်းအပြင် ကျင်စန့်ကျော့ဂိတ်တို့ကိုလည်း သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။ သို့သော် မူဆယ်နှင့်၁၀၅ မိုအကြား စခန်းသေးများနှင့် မူဆယ်ဗျူဟာကဲ့သို့ စစ်စခန်းကြီးလည်း ကျန်ရှိနေသေးပြီး မူဆယ်မြို့ကလည်း စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသေးသည်။

ယနေ့နံနက်အစောပိုင်းမှသည် နေ့လယ်အထိ ၁၀၅ မိုင်ဘက်ကို စစ်ကူရန် မူဆယ်မြို့မှသည် ချီတက်လာသော စစ်ကောင်စီတပ်နှင့် ညီနောင် သုံးဖွဲ့တို့ မူဆယ်မြို့နဲ့ ၁၀၅ မိုင်အကြား တုန်ခန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

အရေးပါသော ကုန်သွယ်ရေးဇုန်ဖြစ်သည့်အလျောက် ပြန်လည်ထိန်းချုပ်မှုရရှိရန် စစ်ကောင်စီတပ်ဘက်က အကြိမ်ကြိမ်ကြိုးစားနေခဲ့သည်။

မူဆယ်မြို့ပေါ်တွင်တော့ တိုက်ပွဲများ ကူးစက်လာမှာကို မြို့ခံတွေ စိုးရိမ်နေကြသည်။ လောင်းကစားဝိုင်းများဖြင့်စည်ကားရာ မူဆယ်မြို့တွင် တရုတ်နိုင်ငံဘက်က နှိမ်နင်းနေသော အွန်လိုင်းလိမ်လည်မှု “ကျားဖြန်” လုပ်ငန်းအများအပြားတည်ရှိနေရာ ညီနောင်သုံးဖွဲ့က မြို့ကိုသိမ်းပိုက်လာနိုင်သည်ဟု ဒေသခံများအကြား ထင်ကြေးပေးနေကြသည်။

ယမန်နေ့က မူဆယ်မြို့ စက်မူရပ်ကွက်အနီး ပစ်ခတ်မှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်သုံးပစ်ခတ်ခဲ့မှုလည်းရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

မူဆယ်မြို့နှင့် တဆက်တည်းရှိသော မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့ဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ် လက်ကျန် “စခန်းသစ် တပ်စခန်းကို TNLAက ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးမှုတွင် ယာယီအပစ်ခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့က တရုတ်အစိုးရက ပြောကြားခဲ့သော်လည်း တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား စစ်ကိုရပ်စဲပြီး ဆွေးနွေးဖို့ မိမိတို့တရုတ်ပြည်က မရပ်မနား ကြိုးစားနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ အခုလျော့နည်းနေပါတယ်။ အဲဒါဟာ သက်ဆိုင်ရာအဖွဲ့တွေအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက တရုတ်မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်”. ဟု တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Mao Ning က ဒီဇင်ဘာ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။

သို့သော်လည်း စစ်ကောင်စီနှင့် သူတို့အဖွဲ့များအကြား ဆွေးနွေးမှုနှင့်ပတ်သက်ပြီး ပြည်သူများစိုးရိမ်မှုမရှိကြရန် ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။