မိုးကောင်းမြို့တွင် ငလျင်လှုပ်၊ ထိခိုက်ပျက်စီးမှုရှိဟုဆို

ရွှေနွယ်

မဇ္ဈိမ။ ။ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့၌ ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က သိသာခံစားရသော ငလျင်လှုပ်ခတ်သွားပြီး အဆိုပါ ငလျင်ကို ဟိုပင်မြို့၌လည်း သိရှိခံစားရကာ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မိုးကောင်းနှင့် ဟိုပင်ဒေသခံတို့က မဇ္ဈိမကိုပြောသည်။

အဆိုပါ မြေငလျင်သည် မိုးကောင်းမြို့၏ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်(ချ်)တာစကေး ငါးအဆင့် အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးဇလက သတင်းထုတ်ပြန်သည်။ ည ၁၁ နာရီ ၁ မိနစ် ၁၇ စက္ကန့်အချိန်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“နည်းနည်းတော့ကြာတယ် လှုပ်တာတော့၊ အိပ်နေတာ နှိုးသွားတယ်။ (ထိခိုက်ပျက်စီးမှု) အဲ့တာမျိုးတော့မရှိဘူး” ဟု မိုးကောင်းမြို့ခံအမျိုးသမီးတဦးကပြောသည်။ ထို့ပြင် နောက်ထပ် မြို့ခံတဦးကလည်း “မိနစ်တော့ သေချာမှတ်မထားလိုက်ဘူး၊ ပြင်းတော့ ပြင်းတယ်။ (ပစ္စည်းတွေ) လှုပ်သွားတယ်၊ ပျက်စီးမှုတော့ မရှိပါဘူးရှင့်” ဟု ဆိုသည်။

ဟိုပင်မြို့တွင်မူ အဆိုပါ ငလျင်ကို သိသာစွာခံစားလိုက်ရပြီး မြို့မတောင်ရပ်ကွက်ရှိနေအိမ်တခုမှာ ပျက်စီးမှုရှိခဲ့သည်ဟု မြို့မတောင်ရပ်ကွက်နေဒေသခံတဦးက ပြောသည်။

“၁၁ နာရီ ၁မိနစ်လောက်က စလှုပ်တာ။ တောင်ပိုင်းထဲက အိမ်ကတော့ပြိုတဲ့အထိဖြစ်သွားတာပေါ့။ အပေါ်ထပ်က အုတ်နဲ့မိုးထားတဲ့ စလစ်လောင်းထားတဲ့အထပ်လိုက်ကြီးက အောက်ထိပြုတ်ကျပြီးမှ အောက်ဆုံးထပ်မှာရှိတဲ့ ဆိုင်ကယ်တွေကို ပိသွားတာပါ” ဟု ဟိုပင်ဒေသခံကပြောသည်။ ထို့ပြင် ငလျင်လှုပ်သည့် ကြာမြင့်ချိန်သည် ၁၁ နာရီ ၁ မိနစ်မှစ၍ ခြောက်ကြိမ်ခန့်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဟိုပင်ဒေသခံ၏ ပြောဆိုချက်အရသိရသည်။

“အနည်းဆုံးခြောက်ကြိမ်လောက်တော့ရှိမယ်ဗျ။ အကြီးကြီးတကြိမ်လှုပ်ပြီးတော့ သေးသေးလေးတွေဆက်လှုပ်တာ။ ပထမတကြိမ်ကတော့ တော်တော်ပြင်းတယ်ဗျ။ ဝေါ ဆိုအသံကြီးအရင်လာပြီး ဆွဲခါလိုက်သလိုပဲ။ ကချင်က နိုင်ငံရေးအခြေအနေမကောင်းတော့ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတာပေါ့၊ ညပိုင်းဆို ဒီငလျင်လာတဲ့အသံကြီးက တမြို့လုံးထင်ထင်ရှားရှားကို ကြားလိုက်ရတာပေါ့” ဟု ဟိုပင်မြို့ဒေသခံကဆိုသည်။

ထို့ပြင် အင်းတော်ကြီးဘက်မှလည်း အဆိုပါ ငလျင်ကိုသိရှိခံစားလိုက်ရကြောင်း ဒေသခံကပြောသည်။ သို့သော် အင်းတော်ကြီးတွင် အပျက်အစီးရှိ မရှိနှင့်ပတ်သက်၍ မဇ္ဈိမမှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း ဟိုပင်မြို့၏ အနောက်မြောက်ဘက် ၂၂ မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၉ အဆင့် အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့သေးသည်။ အဆိုပါ ငလျင်ကြောင် အင်းတော်ကြီးဒေသတွင် ကားလမ်းနှင့် စေတီအချို့ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

ယခုငလျင်သည် ဒီဇင်ဘာလအတွင်း ငါးကြိမ်မြောက် လှုပ်ခတ်သည့်ငလျင်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရသိရသည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် တောင်ငူမြို့၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် ကွက်ခိုင်မြို့၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တွံတေးမြို့၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖြူးမြို့နှင့် ယခုမိုးကောင်းမြို့ငလျင်တို့ဖြစ်ပြီး ထို ငါးကြိမ်အနက် မိုးကောင်းငလျင်သည် ပြင်းအားအမြင့်ဆုံး ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)