လေကြောင်းဖြင့်တိုက်ခိုက်၍ နမ္မတူမြို့က ကျောင်းဆရာမ သေဆုံးဟု TNLA ထုတ်ပြန်

ပုံအညွန်း − လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် မန်လီဘုန်းကြီးကျောင်း။ ဓာတ်ပုံ − ဒေသခံများ၏ လူမှုကွန်ရက်စာမျက်နှာမှ

ရွှေနွယ်

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့သို့ ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကျောင်းဆရာမ တဦး သေဆုံး၍ လေးဦးထိခိုက်ဒဏ်ရာရသည်ဟု တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ရာ မန်လီကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အနီးအနားတွင်ရှိနေသည့် အသက် ၂၀ အရွယ် ကျောင်းဆရာမ တဦးသေဆုံးသည်ဟု ထုတ်ပြန်သည်။

သေဆုံးသူမှာ တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC )ကျောင်းမှ ဆရာမ လွေးမေဖြိုးအိ ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ ဗုံးဒဏ်ကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦမှာလည်း ပျက်စီးခဲ့ရသည်။

ကျောင်းရှိ သံဃာများမှာ စစ်ရှောင်နေကြသဖြင့် ထိခိုက်မှုမရှိခဲ့ကြကြောင်း သိရသည်။ မန်လီဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးသွားမှုအခြေအနေနှင့်ပတ်သက်ပြီး မန်လီဒေသခံများမှလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရုပ်ပုံများနှင့်တကွ မျှဝေထားကြသည်ကို တွေ့ရသည်။ မန်လီကျေးရွာသည် ယမန်နေ့က ကျိုးကျခဲ့သည့် မိုးတေတံတားအနီးတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် ညနေ ၄ နာရီ ၁၇ မိနစ်ခန့်တွင် နမ္မတူမြို့တံတားအနီးသို့ ထပ်မံဗုံးကြဲခဲ့ကြောင်းလည်း TNLA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုတိုက်ခိုက်မှုကြောင့် တံတားအနီးရှိ ဒေသခံ လေးဦးထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။

“နမ္မတူမြို့တံတားနားက သူတို့မဟာမိတ်အစောင့်တွေရှိတယ်။ အဲ့တာကိုလှမ်းပစ်တာ။ အစောင့်ကိုနည်းနည်းပါးပါးပဲထိတယ်။ ခရီီးသည်တယောက်ကတော့ တော်တော်ထိသွားတယ်။ လားရှိုး−မူဆယ်ပြေးနေတဲ့ ကားဆရာတွေ၊ ဒီမနက်တော့ မကြားသေးဘူး။ သူတို့လာရင်လည်းတအားမြန်တယ်။ ဂျက်ဖိုက်တာနဲ့ဆိုတော့ ကျည်ဆန်ကအရင် အသံကနောက်မှဖြစ်နေတယ်” ဟု နမ္မတူမြို့ပေါ်ရှိ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

နမ္မတူမြို့အား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က TNLA မှ ထုတ်ပြန်ကြေညာထားသည်။ လက်ရှိတွင် နမ္မတူမြို့၏ အချို့သောနေရာများတွင် TNLA တပ်ဖွဲ့ဝင်များ အထိုင်ချထားသည်ဟု နမ္မတူမြို့ဒေသခံကပြောသည်။ ထို့ပြင် နမ္မတူမြို့ဒေသခံ ၃,၀၀၀ ခန့်သည်လည်း မန္တလေးနှင့် လားရှိုးမြို့တို့ဘက်သို့ စစ်ရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံကဆိုသည်။

“ပြည်သူတွေကတော့ လေယာဉ်သံကြားရင် ပုန်းနေရတာပေါ့။ လမ်းပေါ်တောင် သိပ်မထွက်ရဲဘူး” ဟု နမ္မတူမြို့ဒေသခံက ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် နမ္မတူမြို့နယ်ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိကာ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦနှင့် လူနေအိမ် ၁၀လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ခဲ့သည့် စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ TNLA အနေဖြင့် မြို့ ငါးမြို့အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)