2023 Year in Review ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာပြည်: မြင်ကွင်းကျယ်၊ ဦးစားပေးရမည့် အရာများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် ခရီး  ( နောက်ဆုံးပိုင်း )

ဓာတ်ပုံ -ပုံဟောင်း

အီဂေါဗလာဇီဗစ်

မဇ္ဈိမ။ ။ ဆောင်ရွက်ဖွယ်လုပ်ငန်းသစ်- ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ စတင်ဆောင်ရွက်ရန်

အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်လာနိုင်ခြေတွေထဲမှာ စကစဟာ ခြောက်လကနေ ရှစ်လအတွင်း ပြိုကျသွားနိုင်တဲ့ အခြေအနေပါဝင်ပါတယ်။

အခုလက်ရှိတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ မြန်မာတွေရော မြန်မာ့ အိမ်နီးချင်းတွေရောဟာ စကစ ပြိုကျပြီးပေါ်လာမယ့် အာဏာလေဟာနယ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ ပတ်သက်လို့ ပြင်ဆင်ထားကြတာတွေ မရှိပါဘူး။ လက်ရှိမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာစွာ ဆောင်ရွက်နေတဲ့ အတိုင်းအတာနဲ့ နိုင်ငံရေးသဘောတူချက်တွေထဲက အခြေခံ ကျတာတွေအပေါ် တော်လှန်ရေးထဲမှာ ပါဝင်နေကြတဲ့ နိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင်တွေကြားမှာ အတူတူ လက်ခံထားနိုင်ကြတဲ့ အတိုင်းအတာတစ်ခုလည်း ရှိပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ဆွေးနွေးစရာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီနေရာမှာ ဘယ်သူက လုပ်ပိုင်ခွင့်ရှိသလဲဆိုတာမှာ မရှင်းသေးတာတွေလည်း ရှိနေပါတယ်။စကစ ပြိုသွားရင် အကူးအပြောင်းကာလကို ဘယ်သူတွေက ဘယ်လို စီမံခန့်ခွဲကြမလဲဆိုတာကို စဉ်းစားရင် လုပ်စရာတွေ အများကြီးရှိနေပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေကြတဲ့သူတွေ၊  နွေဦးတော်လှန်ရေး ရဲ့ နိုင်ငံရေးပင်စည် အဖွဲ့အစည်းတွေမှာလည်း စိတ်အားတက်စရာ ရှိတဲ့ မူဝါဒတွေကို ရေးဆွဲဖို့ အခြေခံအားဖြင့် မူဘောင်တွေ ရှိထားကြပါတယ်။ ဒါပေမဲ့ မူဝါဒကို ရေးဆွဲ အကောင်အထည်ဖော်ရတာ -အထူးသဖြင့် အကူးအပြောင်း ကာလအတွက် မူဝါဒရေးဆွဲရတာဟာ အများကြီးပိုပြီး ရှုပ်ထွေးပါတယ်။ စစ်အာဏာရှင်တွေ ပြိုကျသွားပြီဆိုရင် အကြောင်းအရာ‌ပေါင်းစုံမှာ လုပ်စရာတွေ ရှိနေနိုင်ပြီး အဖြစ်အပျက် ပေါင်းများစွာဟာ ဦးတည်ရာပေါင်းများစွာနဲ့ ရှုပ်ထွေးစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့ရင် ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေမှာလည်း စဉ်းစားဖို့၊ သတင်းအချက်အလက်တွေ ရယူဖို့၊ အကြံဉာဏ်တွေရယူဖို့ အချိန်တကယ်မရှိတော့ပါဘူး။ ဘက်ပေါင်းစုံက လာမယ့် ဖိအားတွေကြားမှာ သူတို့ဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အခြေအနေက သူတို့အပေါ် ဖိအားပေးနေတာကြောင့် ဇွတ်လုပ်ကြရမယ့်အနေအထားရှိပါတယ်။

စိတ်ဓာတ်အင်အား ဖြစ်စရာ လက်ရှိ မူဝါဒတွေ ရှိထားတာ ကောင်းပါတယ်။ ဒါပေမဲ့ ရေရာသေချာတဲ့ မူဝါဒ စီမံကိန်းတွေကို တိတ်တိတ်တိတ်ဆိတ်ဆိတ် ပြင်ဆင်ထားပြီးတော့ တကယ့် ပါဝါရှိတဲ့ နိုင်ငံရေးသမားတွေနဲ့လည်း လိုအပ်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေကို ရေးဆွဲထားကြဖို့လိုပါတယ်။ သေချာရေရာတဲ့ မူဝါဒအစီအစဉ်တွေ ရှိအောင်မလုပ်ထားနိုင်ဘူးဆိုရင်တောင်မှ သင့်တော်တဲ့ အတွေးအကြံနဲ့ ဆွေးနွေးမှုတွေရှိထားကြရင်ကောင်းပါတယ်။

ဒီအနေအထားမှာ အရေးကြီးတာက NUG ဝန်ကြီးတွေဟာ မူဝါဒတွေကို ပြင်ဆင်ပြီးပါပြီလို့ ပြောရုံနဲ့ မလုံလောက်ဘူးဆိုတာ သိထားကြရမှာပါ။ ဒီလိုပဲ EROs တွေနဲ့ ဘယ် ကြားကာလ ကောင်စီကပဲဖြစ်ဖြစ် စကစ ကျသွားပြီးတဲ့နောက်မှာ မိမိတို့နယ်မြေအတွက် မိမိတို့ ဘယ်လောက် ပြင်ဆင်ထားပါတယ် ဆိုပြီးတွေးတောနေတာ၊ မိမိနယ်မြေအတွက်ပဲ ပြင်ဆင်နေတာတွေကလည်း မလုံလောက်ပါဘူး။ တကယ်လိုတာက ဒီအနေအထားမှာ စကစမရှိတော့တဲ့ အခြေအနေကို ရုတ်တရက်ကြုံရမယ်ဆိုတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေကို ထိန်းနိုင်အောင် ပြင်ဆင်ထားဖို့ NUG နဲ့ EROs မူဝါဒ‌ရေးရာ အဖွဲ့တွေက တိတိကျကျ မူဝါဒတွေကို စတင်ပြင်ဆင်ဖို့ လိုပါတယ်။ ဖြစ်လာနိုင်တဲ့ အရာတစ်ခုမှန်း သိရဲ့သားနဲ့ တကယ်ဖြစ်လာမှ ကျွန်တော်တို့ဘက်က မပြင်မဆင် တအံ့တသြဖြစ်နေတာမျိုး မဖြစ်သင့်ပါဘူး။

ဒါတွေဟာ အရေးကြီးလို့ ပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော်ထင်တဲ့  မူဝါဒရေးရာ နယ်ပယ်တွေဖြစ်ပါတယ်။
၁။ လူသားလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုး‌ရေးအတွက် ဘယ်သူက ဘယ်နေရာမှာ ဘယ်လို တာဝန်ယူမလဲ။ ဒါ့အပြင်
၂။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။

၃။ ငွေကြေးအလွန်အမင်းဖောင်းပွနေတာကို ကိုင်တွယ်ဖို့နဲ့ ဗလာဖြစ်နေတဲ့ နိုင်ငံတော် ဘတ်ဂျက်ကို စီမံဖို့၊ ငွေကြေးကုန်ခန်းနေပြီဖြစ်တဲ့ ဘဏ်များ ဒေဝါလီခံရတော့မယ့် ကိစ္စတွေရှိနေပါတယ်။

၃။ စီးပွားရေးကို ချက်ချင်းပြန်လည် စတင်နိုင်‌ရေးနဲ့ တချိန်တည်းမှာ ဖွဲ့စည်းပုံပြန်လည် ပြုပြင်ရေးတွေကိုဆောင်ရွက်ဖို့
၄။ စစ်တပ် နိုင်ငံရေးအာဏာကို လက်လွှတ်လိုက်ရသည့် အချိန်တွင်ပင် စီးပွားရေး- အထူးသဖြင့် ငွေရေးကြေးရေး အရင်းအနှီးတွေဟာ  စစ်တပ်နဲ့  ခရိုနီတွေ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေနဲ့  စုဖွဲ့လှုပ်ရှားကြတဲ့  ရာဇဝတ်ဂိုဏ်းကြီးတွေရဲ့  လက်ထဲမှာသာ ရှိနေတာကလည်း ကြီးကျယ်ပြီး ရှုပ်ထွေးပြီး ကိုင်တွယ်ဖို့ နည်းလမ်းများရှာထားရမယ့် ပြဿနာဖြစ်နေခြင်း၊ တကယ်လို့ စစ်အုပ်ချုပ်ရေး ကာလမှာ စည်းစိမ်တွေ အများကြီး ရှာဖွေလို့ရလာတဲ့ သူတွေကိုလည်းပဲ စစ်အာဏာရှင်ပြို ကျသွားချိန်မှာတော့ နိုင်ငံရေးပါဝါထဲမှာ ဝင်မကစားရလေအောင် ‌ဘေးပို့ထားနိုင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သူတို့ရဲ့ မတရားယူထားတဲ့ စီးပွားရေးလုပ်ကွက်နဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ထိန်းထားလို့ ရနေကြဦးမယ် ဆိုရင်သူတို့ဟာ နိုင်ငံရေးပါဝါထဲကို ပြန်လာကြဖို့နည်းလမ်းရှာကြဦးမှာပါ။ လေးနှစ်သို့မဟုတ် ရှစ်နှစ်အတွင်းမှာ နိုင်ငံရေးအာဏာကို သူတို့လက်ထဲပြန်ရအောင် ငွေနဲ့ ပေါက်ဝယ်လို့ဖြစ်စေ၊ နိုင်ငံရေးနဲ့ နိုင်ငံတော်ကို ငွေနဲ့ လာဘ်ထိုး ဖျက်ဆီးလို့ဖြစ်စေ ပြန်လာနိုင် ကြပါတယ်။

၅။ တရားရေးကို ပြုပြင်ဖို့နဲ့ တရားမဏ္ဍိုင်ခြစားနေတာကို သန့်စင်ဖို့အတွက်က အမြဲတမ်းခက်ခဲပြီး ကိုင်တွယ်ရခက်တဲ့ လုပ်ငန်းပါ။ ဒီကဏ္ဍဟာ အာဏာရှင်တွေပြိုလဲသွားရင်တောင်မှပဲ အရင်စနစ်ရဲ့ အကြွင်းအကျန်တွေကို ချန်ထားရစ်မယ့် နေရာပါ။ ဒီနေရာကနေ ဒီမိုကရေစီရဲ့ လုပ်ငန်းတွေနဲ့ ဒီမိုကရေစီ ရင့်ကျင်လာမှုတွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အဂတိလိုက်စားမှုတွေထကြွစေပြီး ပြုပြင်ပြောင်းလဲမှုတွေကို စိန်ခေါ်လာနိုင်ပါတယ်။

ဒါ့အပြင် တခြားအရေးကြီးတဲ့ ကဏ္ဍတွေ နှစ်ခုသုံးခုလောက်ရှိနေပါသေးတယ်။ မြန်မာတော်လှန်ရေးနဲ့ လွတ်လပ်ရေးအင်အားစုတွေက ဆုပ်ဆုပ်ကိုင်ကိုင်ပြင်ဆင်ထားတဲ့ မူဝါဒတွေရှိနေကြရပါမယ်။ ခပ်မြန်မြန်လည်း အကောင်အထည်ဖော်ကြရပါမယ်။ အာဏာရှင်ပြုတ်ကျပြီးတဲ့ အခါမှာပေါ်လာတဲ့ အခွင့်အရေးတွေက တနှစ်၊ နှစ်နှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို မကြုံစဖူးဆောင်ရွက်နိုင်ဖို့ ဖန်တီးလာပါလိမ့်မယ်။

အာဏာရှင်ပြုတ်ကျသွားပြီးတာနဲ့ ချက်ချင်း ဘယ်လို စိန်ခေါ်မှုတွေရှိမလဲ ဘာတွေကို ဆောင်ရွက်ဖို့က အရေးအကြီးဆုံးလည်းဆိုတာကို နားလည်ကြဖို့လိုပါတယ်။ NUG နဲ့ EROsတွေကြားက နိုင်ငံရေး သဘောတူချက်တွေရှိရင် လုပ်ငန်းအဖွဲ့တွေကို တည်ဆောက်ထားလို့ရပါတယ်။ CDM တွေကြားမှာလည်း တတ်သိပညာရှင်တွေ၊ ပြည်တွင်းနဲ့ ပြည်ပမှာရောက်နေကြတဲ့ ပညာတတ် မြန်မာတွေကို ရှာတွေ့နိုင်ပါတယ်။ တချို့အလုပ်တွေကိုတော့ နိုင်ငံခြားက ကျွမ်းကျင်သူတွေနဲ့ တွဲလုပ်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီတာဝန်ကို နောက်ကို မရွှေ့ဆိုင်းထားသင့်ပါဘူး။စစ်တပ်ကိုတိုက်ထုတ်နေတဲ့ အလုပ်နဲ့ တစ်ချိန်တည်းလို ဆောင်ရွက်သင့်ပါတယ်။

နောက်ဆက်တွဲ ကွန်ဖယ်ဒရယ် နိုင်ငံ ( နိုင်ငံငယ်များ အတူတကွ စုပေါင်းနေထိုင်ကြခြင်း) အရေးနဲ့ ပတ်သက်တဲ့ မှတ်ချက်

ကွန်ဖယ်ဒရေးရှင်းကို အဆိုပြုနေကြတဲ့ သူတွေကတော့ အာဏာသိမ်းလိုက်တာနဲ့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတဲ့အကျိုးဆက်ကြောင့် ဗဟိုအစိုးရဟာ မြန်မာနိုင်ငံမှာ မရှိတော့ဘူးဆိုတဲ့ အဆိုကို တင်ကြသူတွေဖြစ်ပါတယ်။

ဒီနေရာမှာ စဉ်းစားကြတာကတော့ တစစရုပ်လုံးပေါ်လာတဲ့ ဖယ်ဒရယ်စနစ်ကို အောက်ခြေကအစ တည်ဆောက်ကြဖို့ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေကို အခြေခံတဲ့ တိုင်းနိုင်ငံတွေ ပေါ်ထွက်လာပြီး (ကချင်၊ ဝ၊ ကရင်နီ၊ အာရကန်နဲ့ ချင်းပြည်နယ်) အစရှိသဖြင့် အတူယှဉ်တွဲနေကြတာကို စဉ်းစားကြတာပါ။ အဲဒီလိုဆိုရင် ဒီနေရာမှာ ကျန်နေတဲ့ တိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနဲ့ မွန်ကလည်း တခြားပြည်နယ်တွေ လုပ်သလိုလိုက်လုပ်ကြဖို့ လိုလာပါပြီ။  စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီဆိုရင်လည်း အောက်ခြေကစလို့ ဖယ်ဒရယ်ကို တည်‌ဆောက်ဖို့ တပြိုင်နက် ဆောင်ရွက်ကြရမှာပါ။ ( တခြားနယ်မြေတွေလည်း ဒီလိုပဲဖြစ်မှာပါ။)

ဒီလိုအောက်ခြေကစဖွဲ့စည်းတဲ့ နယ်မြေတွေဟာ စစ်တပ်ရဲ့ အတင်းစုထားတဲ့ တပြည်ထောင်စနစ်ကနေ လွတ်လပ်ရေးကို ယူကြပြီး မိမိတို့ဘာသာ ဖယ်ဒရယ် ပြည်ထောင်စုအနေနဲ့ အတူနေကြမလား မနေကြဘူးလားဆိုတာကို ပြန်ပြီးရွေးချယ်ကြရမယ့် သဘောပါ။

ဒီလို အတူစုနေကြမယ် ဆိုတဲ့ ကွန်ဖယ်ဒရေစီ စိတ်ကူးစိတ်သန်းမှာ တော်တော် ကြီးမားတဲ့ ပြဿနာတွေရှိတယ် ဆိုတာကို မြင်နေရပါတယ်။

မြန်မာနိုင်ငံမှာ ဗဟိုအစိုးရမတည်ရှိတော့ဘူးဆိုတာမျိုးယူဆဖို့ အလွန် အန္တရာယ်များပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အစိုးရမရှိတဲ့ နယ်မြေ၊ ဒါမှမဟုတ် ကျရှုံးသွားတဲ့ နိုင်ငံတစ်ခုရဲ့ ဝါးအစည်းပြေသလို ပြေသွားတဲ့နယ်မြေတွေကို အလွန်ကြောက်ကြလေ့ရှိပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးအမြင်ဘက်က ကြည့်ရင်တော့ မြန်မာပြည်ဟာ ကုလသမဂ္ဂ ထိုင်ခုံရထားတဲ့ နိုင်ငံတခုအနေနဲ့ ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တကယ်လို့ တော်လှန်ရေးထဲမှာ ပါတဲ့သူတွေကိုယ်တိုင်က NUG ကို တရားဝင်တဲ့ မြန်မာအစိုးရဟုတ်မဟုတ် မေးခွန်းထုတ်ရင် သို့မဟုတ် မဟုတ်ဘူးလို့ ငြင်းပယ်ရင် ဘာဖြစ်လာနိုင်သလဲဆိုတော့ စကစ သို့မဟုတ် စစ်တပ်ကနေ တင်မြှောက်ထားတဲ့ ဘယ်သူမဆို ဒေသတွင်းမှာရော နိုင်ငံတကာ အသိုင်းအဝိုင်းမှာရော မြန်မာအစိုးရလို့ လက်ခံလိုက်ဖို့ အခွင့်အရေး ပိုရသွားကြမှာဖြစ်ပါတယ်။ တကယ်လို့ နွေဦးတော်လှန်ရေး ခေါင်းဆောင်တွေကိုယ်တိုင်က NUG ကိုဖွဲ့ဖို့ ဒီလောက်မမြန်ခဲ့ဖူးဆိုရင် အာဆီယံနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေက SAC ကို ဟိုအစောကြီးကတည်းက အသိအမှတ်ပြုလိုက်ကြပြီးသားဖြစ်မှာပါ။ နိုင်ငံတကာ အစိုးရတွေကလည်း သူတို့အတိုင်းလိုက်လုပ်ကြမှာပါ။

တကယ်လို့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ လက်ရှိမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေးလှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဗဟိုကို ထည့်ပြီး မစဉ်းစားတော့ဘူးဆိုရင် တော်လှန်ရေးဟာလည်း တစစီဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။ ခေါင်းဆောင်မရှိတော့တဲ့ လှုပ်ရှားမှုဟာ နောက်ထပ် စုစည်းမှုအသစ်တွေကို မလုပ်နိုင်ပါဘူး။ ဦးဆောင်မှုကိုလုပ်ဖို့အတွက် အဖွဲ့အစည်းမရှိနိုင်တော့ပါဘူး။ သမိုင်းထဲက အတွေ့အကြုံတွေထဲမှာကတော့ ခေါင်းဆောင်မရှိတဲ့ လှုပ်ရှားမှုတွေဟာ အစည်းပြေတတ်ပြီး၊ ကသောင်းကနင်းအဖြစ်တွေ ကျဆုံးမှုတွေနဲ့ ကြုံခဲ့ကြရပါတယ်။ ရှိနေပြီးသား အရာ တည်ထားပြီးသားအရာကို ဆက်ထိန်းထားပြီး အရည်အသွေး မြှင့်တာ၊ ပြုပြင်ပြောင်းလဲတာက ပိုကောင်းပါလိမ့်မယ်။ သူ့နေရာကို အစားထိုးမယ့် အရာမရှိသေးချိန်မှာ ဖြိုခွဲလိုက်ဖို့ထက်ရှိတာကို အရည်အသွေးမြှင့်ကြဖို့ပါ။

ဒီနေရာမှာ အင်မတန်သတိထားရမယ့် အကြောင်းတစ်ခုရှိနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ် စနစ်ကို လူမျိုးစုတွေပေါ်မှာ အခြေခံရင် အင်မတန်အန္တရာယ် များနိုင်ပါတယ်။ ဒီလို လူမျိုးကို အခြေခံပြီး တည်ဆောက်တဲ့နိုင်ငံမှာ ဘော့စနီးယားလို  လူမျိုးစု ကိုရှင်းပစ်တဲ့ အဖြစ်မျိုးဆီကို ရောက်သွားနိုင် ပါတယ်။ ဒီလိုဖြစ်လာနိုင်တဲ့ အကြောင်းရင်းကလည်းများပါတယ်။

မြန်မာပြည်ရဲ့ တစ်ချို့နေရာတွေကတော့ တိုင်းရင်းသားလူမျိုးစုကို အခြေပြုတဲ့ နယ်မြေတွေ ဖြစ်သင့် (ဖြစ်လည်းဖြစ်နိုင်ပြီး ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နေထိုင်နိုင်တဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နေရာများစွာကတော့ ဖယ်ဒရေးရှင်းအနေနဲ့ အတူရှိကြရမယ့် အပိုင်းတွေဖြစ်နေပြီး နယ်မြေအခြေပြုပြီး စုစည်းကြဖို့ များနေပါတယ်။
 
ဒီအရေးနဲ့ ပတ်သက်လာရင်  သဘောတူညီချက်တွေရဖို့နဲ့  အပေးအယူညှိနှိုင်းနိုင်ကြဖို့အတွက် အရင် စစ်အာဏာရှင်တွေကို မောင်းထုတ်ပြီး ဖယ်ရှားရပါလိမ့်မယ်။ ပူးပေါင်းဆောင်ရွက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ ရှိနေတဲ့  စိတ်သဘောထားမတိုက်ဆိုင်မှုတွေကို တလွဲ သုံးပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ပါ။ စစ်တပ်အနေနဲ့  တော်လှန်ရေးအင်အားစုတွေကို စိတ်ဝမ်းကွဲအောင် လုပ်ပြီး အနိုင်ယူဖို့ နည်းဗျူဟာကိုပဲ ချောင်းနေပါတော့တယ်။ ဒီ အခြေအနေမျိုးမှာ ကျွန်တော် အထက်မှာပြောခဲ့သလိုပဲ အခု အနိုင်ပြနေတဲ့ တော်လှန်ရေးအင်အားစုတွေကြားက မဟာမိတ်ဖွဲ့မှုကို ခိုင်မာသထက် ခိုင်မာဖို့လိုပါတယ်။ အနားမညီဖြစ်နိုင်တဲ့ အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် အတွက် သဘောတူညီချက်တွေနဲ့ ယုံကြည်ရတဲ့ မဟာမိတ်ဖွဲ့မှုလည်း ဖြစ်ရပါမယ်။ ကိုယ့်ကြမ္မာ ကိုယ်ဆုံးဖြတ်ခွင့်နဲ့ ပတ်သက်လို့ ကျေနပ်လောက်အောင် အချင်းချင်း ကတိကဝတ်ပေးပြီး တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို အတူဆောင်ကြဉ်း ကြဖို့ သဘောတူကြောင်း အဆင်သင့်ရှိနေကြတယ် ဆိုတာကို ပြသဖို့ လိုပါတယ်။

နောက်လာမယ့် အနာဂတ်ကြားကာလအစိုးရဟာ ဘယ်လို ပုံစံမျိုးရှိနိုင်မယ်ဆိုတာကို သဘော တူညီချက်တွေ ပြန်လည်စဉ်းစားချမှတ်ကြဖို့ ကောင်းနေပါပြီ။ ဘယ်လိုမျိုး အစီအစဉ်တွေနဲ့ တဆင့်ပြီးတဆင့် ပေးထားကြတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ကြမယ်ဆိုတာကို ရေးဆွဲသင့်ကြပါပြီ။ စစ်အစိုးရ ပြိုလဲပြီး ပထမဆုံး နှစ်ရဲ့ အစောပိုင်းလတွေမှာ ဆောင်ရွက်မယ့် ကိစ္စတွေအတွက် လမ်းပြမြေပုံဖြစ်လာဖို့လို ပါတယ်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

ရှေ့အပိုင်းများ ပြန်လည်ဖတ်ရှုရန်

အပိုင်း(၁) – https://bur.mizzima.com/2023/12/26/10429

အပိုင်း (၂) – https://bur.mizzima.com/2023/12/27/10442

အပိုင်း (၃) – https://bur.mizzima.com/2023/12/28/10562

အပိုင်း (၄) − https://bur.mizzima.com/2023/12/29/10685