မင်းတပ်တွင် စစ်ကောင်စီလေကြောင်းမှ ၃ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှု သားအမိ၂ ဦးသေဆုံး ၄ဦးဒဏ်ရာရ

မင်းတပ်မြို့နယ်အတွင်း မတ်လ ၁၅ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်းများ

မဇ္ဈိမ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၃)တွင် စစ်ကောင်စီက လေကြောင်းမှ သုံးရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူသေဆုံးသွားပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့နယ်အတွင်း မတ်လ ၁၅ရက်၊ ၁၆ရက်နှင့် ၁၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးရက်ဆက်တိုက်ခိုက်ခြင်းဟု သိရသည်။

” အခုတလော ကျေးရွာတွေဘက်မှာ လေယာဉ်တွေကနေ့တိုင်းဝဲနေကြတယ်။ တိုက်နယ် (၃)ဘက်မှာတော့ လေယာဉ်နဲ့ဗုံးကြဲလို့ အိမ်တွေမီးလောင်ပြီးသားအမိနှစ်ယောက်မီးလောင်သွားတာမြင်မကောင်းဘူး။ ပြာပုံကြားထဲမှာ’’ဟု ဒေသခံတဦးကပြောသည်။

မတ်လ ၁၅ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုတွင် အသက် ၆ နှစ်အရွယ် မိန်းကလေးနှင့်အသက် ၄၀‌ကျော်အရွယ်မိခင်ဖြစ်သူသေဆုံးပြီး ကလေးငယ်နှစ်ဦး၊ အသက်၂၈နှစ်အရွယ် CDM ကျောင်းဆရာတဦး၊ အသက်၇၀အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ စာသင်ကျောင်းနှင့်ဘုရားကျောင်းအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

မင်းတပ်မြို့တွင်း လတ်တလောအခြေအနေနှင့်ပတ်သက်၍ ဒေသခံတဦးက “လေယာဉ်တွေကတော့ ရွာတွေဘက်မှာဝဲနေသလို မင်းတပ်မြို့ပေါ်မှာလည်းနေအိမ်တွေနေ့တိုင်း ဖောက်ခံနေရတယ်။ မနေ့ကမနက်ကဆိုရင် ၂၇၄ တပ်ရင်းကနေဆင်းလာတဲ့ စစ်သားတွေအရှေ့မြို့အဝင် ဦးဝမ္မသူးမောင်းပန်းခြံနားမှာရှိတဲ့ ပါဝါဆဲဗဲင်းရှေ့နားက မဟာဓာတ်အားသုံးကာဗာပါမီးကြိုးခွေအကြီးကြီးတွေကိုထိုင်ပြီးမီးရှို့နေကြတယ်။အေးဆေးပဲ။ သူတို့ပစ္စည်းမဟုတ်တော့ စိမ်ပြေနပြေကိုထိုင်မီးရှို့နေတာ” ဟု ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ရက်ကလည်း မင်းတပ်နှင့် ပလက်ဝမြို့နယ်စပ်မှ ဟုမ်းကျေးရွာကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသား ခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်သတင်းများရရှိထားသောကြောင့် ဒေသခံများအနေဖြင့် လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် ချင်းကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

စာတည်း – အေးချမ်း