မတ္တရာတွင် မိုင်းရှင်းလင်းရေးလုပ်နေသည့်စစ်သားများကို မိုင်းခွဲတိုက်ခိုက်ရာ ၂ ဦးသေဟုဆို

007

(မဇ္စျိမ။) ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပိုင်းတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့နေ့လယ်ပိုင်းက မိုင်းရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တခုဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

မန္တလေး-မိုးကုတ်လမ်းအနီး တံတားဖြူတံတားနှင့် မြို့ဆိုးကုန်းတံတားတွင် ထိုနေ့နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်သားများ မိုင်းရှင်းလင်းရေးလုပ်နေစဉ် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“မြေပြင်သတင်းပေးပို့ချက်အရ အကြမ်းဖက်စစ်ကောင်စီနှစ်ယောက်သေတယ်၊ တယောက်ကပြင်းထန်ဒဏ်ရာ ရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့က တာ၀န်ရှိသူတဦးကပြောသည်။

သေဆုံးစစ်ကောင်စီတပ်သားနှစ်ဦးနှင့် ဒဏ်ရာရစစ်သားတို့ကို မတ္တရာဆေးရုံသို့ နာရေးအသင်းကားနှစ်စီးဖြင့် ပို့ဆောင်လိုက်သည်ကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံများကလည်း အတည်ပြုသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ထိုနေ့နံနက်ပိုင်းကလည်း မတ္တရာမြို့နယ်အရှေ့ပိုင်း ပန်းသလဲတောင်ပေါ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို လက်နက်ကြီးဖြင့် ၁၀ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါတာ၀န်ရှိသူကပြောသည်။

စစ်ကောင်စီပြုတ်ကျရေးအတွက် ရရာလက်နက်ဖြင့်တိုက်ပွဲ၀င်နေသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်)အထိ စစ်ဆင်ရေးပေါင်း ၉၄ ခုဖော်ဆောင်နိုင်ခဲ့ပြီး စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀၀ ကျော် (၂၄၄ ဦး)ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)