နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၈ ဧပြီ ၂၀၂၄)

အမျိုးသား ညီညွတ်ရေး အစိုးရ

မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆို လိုက်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်တပ်၏ ကျူးလွန်မှုများကို နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်စွာ ထိရောက်စွာတားဆီးအရေးယူပေးရန် NUG အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းချိန်က စပြီး ယခုအချိန်ထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက် မှုပေါင်း ၁၂၉၃ ကြိမ် ကျူးလွန်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီးကျေးရွာရှိ ကမ်းနီးဈေးအတွင်း နှင့် ဆေးပေးခန်းကို ဧပြီ ၂၄ ရက်၊ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေးကြိမ်ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ ၇ ဦး ဗုံး စထိမှန်ပြီး ၂ ဦး အရေးပေါ်ကုသခဲ့ရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) သည် KNLA တပ်မဟာ ၅ ဦးဆောင်မှုနှင့်အတူ မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက် ခဲ့သည်ဟု PPDF ဖာပွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂၇ ရက်က အသိပေး ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၀၆)အဝင်ဂိတ်ကို ဧပြီ ၂၇ ရက်၊ ည ၆ နာရီ မိနစ် ၄၀ ခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရပြီး ဂိတ်စောင့်နေသည့် စစ် ကောင်စီ တပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော(တောင်) ရပ်ကွက်၊ သရက်တော (၅) လမ်းထိပ်ပေါ် တွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်သတ် ခံရမှု ဖြစ်ပွားခဲ့သည်ဟု အမျိုးသမီးစစ်ဆင်ရေးအဖွဲ့ (OF) အဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့မရဲစခန်းအနီး ရန်ကုန်-အင်းစိန် ကားလမ်းဘေးတွင် ဧပြီ ၂၈ ရက်၊ နံနက်ပိုင်းက မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ဖောက်ခွဲလိုက်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအဝင်တံတား ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ် နှင့် ပျူစောထီးများကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ သုံးဦး သေဆုံးခဲ့ကြောင်း Area 71 People Defense Force က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထန်းတောကျေးရွာအနီးတွင် ဧပြီ ၂၅ ရက်၊ နံနက်အစောပိုင်း ၂ နာရီ ခန့်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းမိ ခဲ့ကြောင်း နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် BNRA တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီ၏ အခြေခံလေ့ကျင့်ရေးတပ် စခတ ၈ နှင့် အမှတ် ၁၂ ခြေမြန်တပ်ရင်း ခမရ ၁၂ တို့ကို ဧပြီ ၂၅ ရက်၊ ညနေ ပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မတစ်ထောင် (တစ် ကောင်ဘွား) ဒီပဲယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းက အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို သစ်ခိုးထုတ်မှုရန်ကနေ ကာကွယ် သွားမည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောကြားလိုက်ပြီး ဧပြီ ၁၅ ရက် ကလည်း ဥယျာဉ်ထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေ၍ ဧပြီ ၂၃ ရက်ကစတင်ပြီး ကျေးရွာ ၆ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာတွင် ဧပြီ ၂၆ ရက်၊ ညပိုင်းက စစ်သားသစ် စုဆောင်း နေသော လက်နက်ကိုင်း ကြံ့ဖွတ်ပါတီ ရပ်/ကျေးကော်မတီဝင် အောင်ဝင်း သေနတ် ပစ်ခတ်ခံရပြီး သေဆုံး ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်မြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စည်သူဗိုလ်သည် ဧပြီ ၂၇ ရက်က လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသဖြင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ရွာ နှင့် ဘုန်းကန်ရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဧပြီ ၂၅ ရက်၊ နံနက် ၈ နာရီခန့်က ဒရုန်း၊ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဂ ရပ်ကွက် နေရာသစ်ထမင်းဆိုင်အနီးတွင် ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီကျော်က ခရီးသည်တင်ကားများထံမှ ဆက်ကြေးကောက်ခံနေသော ဒုရဲအုပ် တစ်ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force – DGRF အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင် ပြုလုပ်ပေးနေသည့် မွန်ပြည်နယ် အတွင်းက ဌာနဆိုင်ရာများ အုပ်ချုပ်ရေးမှူးများ နှင့် ဝိုင်းဝန်းကူညီနေသူများကိုပါ ထိရောက်စွာ အရေးယူသွားမည်ဟု မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးတပ်ဖွဲ့ TPDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင်ရှိသည့် သိမ်ဆိပ်နယ်မြေရဲစခန်းကို ဧပြီ ၂၇ ရက်၊ နံနက်ပိုင်းက Drop Bomb ပစ်ချတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာ နှင့် တံတားကို ဧပြီ ၂၇ ရက်၊ ည ၁၀ နာရီခွဲ ခန့်က အကြမ်းဖက်စစ်တပ် နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းခွဲခြင်းဖြင့် ဖျက်ဆီးခဲ့ကြောင်း အရှေ့ရိုးမ ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။

ကျောင်းသားလက်ရုံးတပ်တော်ဗဟိုဌာနချုပ် နှင့် တပ်တော်၏ စစ်ဒေသအသီးသီးတွင် ကျောင်းသားလက် ရုံးတပ်တော် ၃ နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ခေါင် Time Square ရင်ပြင်တွင် ယနေ့ ဧပြီ ၂၈ ရက် မြန်မာစံတော်ချိန် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေဆန့်ကျင်ရှုတ်ချ ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်အတွင်း နေရာ ၃ နေရာတွင် ဧပြီ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့အနီးရှိ စစ်ကောင်စီ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး ရာနှင့်ချီသော စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး Western News သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပြာကျခဲ့ရသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူး ပြည်သူ့ဆေးရုံကို ပြန်လည်ရပ်တည်နိုင်ရန် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNA/CNF) က ယမန်နေ့က တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာရှိ ကချင်တပ် KIA စစ်ဆေးရေးဂိတ်မှ ရဲဘော်များကို ကိုးကန့်တပ် MNDAA ရဲဘော်များက အင်အားသုံးဝိုင်းလာသည့် ကိစ္စအပေါ် ကိုးကန့်တပ် က ပြန်တောင်းပန်၍ ပြေလည်မှုရရှိပြီ ဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

စစ်ကောင်စီ

အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံစစ်မှုထမ်း ရမည် ဖြစ်ပြီး ယင်းသို့ စစ်မှုထမ်းနေသည့်ကာလအတွင်း ပင်စင်ပယ်ဖျက်မည်ဟု စစ်ကောင်စီတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

အကြမ်းဖက် စစ်ကောင်စီက အသက် ၆၇ နှစ်မကျော်သေးသည့် စစ်မှုထမ်းဟောင်းများ အရန်တပ်ဖွဲ့ အဖြစ် စစ်မှုပြန်ထမ်းရမည် ဟု အမိန့်ညွှန်ကြားချက်ထုတ်ပြန်သည်။

မကွေးတိုင်းအတွင်းတွင် လူငယ်များ နှင့် အမျိုးသားများကို စစ်တပ်က ပေါ်တာဆွဲမှုများ အခြေအနေ ဆိုးလာနေပြီး အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ညစ်ညမ်းသော တေးသီချင်း ဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်သူများအား တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧပြီ ၂၇ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး ထပ်မံသတိပေးထားသည်။

အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် တွင် တည်ဆောက်ထားသည့် ရွှေမဲဆိပ်ကမ်း နှင့် မုတ္တမဆိပ်ကမ်းကို ယာယီ ဆိပ်ကမ်းအဖြစ် သတ်မှတ် ထားကြောင်း စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက သိရသည်။

စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ နှင့် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ဓမ္မသကျေးရွာ အနီး ပတ်ဝန်းကျင် ကျေးရွာများအတွင်း ယမန်နေ့ ဧပြီ ၂၆ ရက်က စတင်ပြီး မိုင်းရှင်းလင်းရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာနှင့် အနီးဝန်းကျင် ကျေးရွာများ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည့်အတွက် ဒေသခံများ နေရပ်ပြန်ကြရန် ယနေ့ထုတ် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

ဧပြီ ၂၈ ရက် သုံးသပ်ချက်

စစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး စည်းကမ်းဥပဒေနှင့်အညီ အငြိမ်းစားယူခဲ့သည့် စစ်သားအိုကြီးမျာကို အရန်တပ်ဖွဲ့ တွင် စစ်မှုပြန်မထမ်းဆောင်ပါက ပင်စင်လစာဖြတ်တောက် မည်ဆို ခြင်းမှာ ခြိမ်းချောက်မှုဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ဥပဒေနှင့် အညီဟု မည်သို့ပင်ပြောစေ ကာမူ ပရမ်းပတာလုပ်ရပ်ဖြစ်သည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏ ပေါ်တာဆွဲမှုများ စစ်မှုထမ်းဆင့်ခေါ်မှုများကို ရှောင်တိမ်းရန် လူငယ်လူရွယ်များသည် တော်လှတန်ရေးတပ်ဖွဲ့များထံ ခိုလှုံလာကြသူများ ရှိသလို ပြည်ပထွက်ခွာမှု များပြားနေသည်ကိုလည်း တွေ့ရသည်။