တရုတ်သူလျှိုဘောလုံး က အမေရိကန် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ မှ အချက်အလက် ရယူခဲ့

First Post

ယခုနှစ် ဖေဖေါ်ဝါရီ တွင် အမေရိကန် လေကြောင်းပိုင်နက်အတွင်း တပတ်ကြာ ဖြတ်သန်းသွားလာခဲ့သော တရုတ်သူလျှိုဘောလုံးသည် ဆက်သွယ်ရေးအတွက် အမေရိကန်အင်တာနက်ဝန်ဆောင်မှု (Internet service provider) ကို အသုံးပြုခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက ထုတ်ဖော်ပြောကြားလိုက်သည်။

အလက်စကား တဝိုက်တွင် ဇန်နဝါရီ ၂၈ က ရှာဖွေတွေ့ရှိခဲ့သော အဆိုပါ သူလျှိုဘောလုံး သည် နူးကလီးယား အရင်းအမြစ်များ တည်ရှိရာ မွန်တာနာရှိ Malmstrom လေတပ်အခြေစိုက်စခန်းကို ကျော်ဖြတ်၍ အမေရိကန်လေကြောင်းပိုင်နက်အတွင်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် လေတပ်မှ AIM-9X Sidewinder ဒုံးကျည်တပ်ဆင်ထားသော F-22 တိုက်လေယာဉ် တစင်းဖြင့် အဆိုပါ သူလျှိုဘောလုံးကို ဖေဖော်ဝါရီ ၄ တွင် ရေပြင်ပေါ်၌ ဖျက်စီးနိုင်ခဲ့သည်။ ၎င်းသည် အမေရိကန်အခြေစိုက် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတခုနှင့် ချိတ်ဆက်ထားပြီး ကုမ္ပဏီမှ လမ်းကြောင်းပြပေးခဲ့ကြောင်း ယုံကြည်စိတ်ချရသော အမေရိကန်သတင်းရင်းမြစ်များကို ကိုးကား၍ NBC က ထုတ်ပြန်လိုက်သည်။

ယင်းချိတ်ဆက်မှုဖြင့် မြန်နှုန်းမြင့် ဆက်သွယ်မှု ကွန်ရက်ကို အသုံးပြု၍ သတင်းအချက်အလက်များ ရယူစုဆောင်းပြီး သူလျှိုဘောလုံး ရှိရာ တရုတ် သို့  အချိန်တိုအတွင်း ပေးပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။  ကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက် အထောက်အထားများကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လူပန်းဂျူ က ဘောလုံးသည် မိုးလေဝသ ဆိုင်ရာ သုတေသန လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သည့် မိုးလေဝသ ဘောလုံး ဖြစ်ပြီး ရာသီဥတု အပြောင်းအလဲကြောင့် အမေရိကန်လေပိုင်နက်အတွင်းသို့ အမှတ်မထင် ရောက်ရှိသွားခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သမ္မတ ဘိုင်ဒင် အစိုးရသည် သူလျှိုဘောလုံးဖြစ်ရပ်ကို လျှို့ဝှက်ထားရန် ကနဦးစီစဉ်ထားပြီး အဆိုပါ ထုတ်ပြန်ချက် နောက်တွင် ထောက်လှမ်းရေး ကွာဟချက် ကို အသိအမှတ်ပြုကြောင်း ပြောကြားလာသည်။ ဘိုင်ဒင် အစိုးရ၏ အုပ်ချုပ်ရေး အရာရှိ တဦးက ကွန်ဂရက် မှ သတင်းအချက်အလက်များကို ထိန်းချုပ်ထားရန် ရည်ရွယ်ချက် မရှိကြောင်း နှင့် ထောက်လှမ်းရေးစနစ်၏ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားသည်။

အဆိုပါ ဘောလုံးနှင့် ပတ်သက်သည့် အချက်အလက်များကို လေ့လာဆန်းစစ်ရန် ဗိုလ်ချုပ်ကြီး မာ့ခ် မယ်လီ နှင့် မြောက်အမေရိက လေကြောင်းရန်ကာကွယ်ရေး ကွပ်ကဲမှု ဌာန (NORAD) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂလန်ဗန်ဟာ့ခ် တို့သည် F-22 ဂျက်လေယာဉ်များ ဖြန့်ကြက်ချထားရေး ဆွေးနွေးခဲ့ကြကြောင်း NBC က ဇန်နဝါရီ ၂၇ တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် အဆိုပါ ဘောလုံးသည် ကျောင်းဘတ်စ်ကား သုံးစီးခန့် အရွယ်ရှိ စောင့်ကြည့် သူလျှိုဘောလုံး ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အတည်ပြုခဲ့သည်။