ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက သောက်သုံးရေကန်အနီး၌ မြေစာများစွန့်ပစ်

ပုံ- ရှရော်ခရွာက အများပြည်သူသုံးသောက်ရေကန်

အဂမ်

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် အများပြည်သူသုံး ရေကန်အနီးသို့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများက မြေစာများလာရောက်စွန့်ပစ်နေကြောင်း ဒေသခံများက ဆိုသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ အများပြည်သူအသုံးပြုနေသော သောက်သုံးရေ ကန်အနီးတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက မြေစာများလာရောက်စွန့်ပစ်နေခြင်းဖြစ်ကြောင်း ရှရော်ခကျေးရွာမှ ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။

“အခုက ရေကန်နားထိကို မြေစာတွေလာပစ်ထားကြတာ။ ဒီလိုသာမြေစာတွေပစ်နေရင် နွေရာသီမှာ ရွာ အတွက် သောက်သုံးရေခက်လာနိုင်တယ်” ဟု ရှရော်ခကျေးရွာမှ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ သောက်သုံးရေကန်မှာ ရှရော်ခကျေးရွာအပိုင်တွင်ရှိပြီး ဧက ၃၀ ကျော်ခန့်ကျယ်ဝန်းကာ ရှရော်ခ ကျေးရွာသာမက မနမှော်ကွက်ရပ်နှင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအများစုပါ သောက်သုံးရေအဖြစ် အားထား အသုံးပြုနေကြသည်။

လက်ရှိတွင် ရှရော်ခကျေးရွာမှ သောက်သုံးရေကန်အနီး၌ စွန့်ပစ်မြေစာများမှာ အမြင့်ပေ ၇၀၀၊ အကျယ် သုံးဧကခန့်ရှိနေပြီဖြစ်ပြီး မြေစာစွန့်ပစ်နေမှုနှင့်ပတ်သက်ပြီး ရှရော်ခကျေးရွာမှ ဘုန်တော်ကြီးနှင့် ရွာသား အချို့က ကုမ္ပဏီများထံ သွားရောက်တားဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ရှရော်ခကျေးရွာမှ သောက်သုံးရေကန်သည် နှစ်ပေါင်း ၃၀ ကျော်ခန့် သက်တမ်းရှိနေပြီး အိမ်ခြေ ၁,၀၀၀ ကျော် လူဦးရေ ၅,၀၀၀ ထက်မနည်း အသုံးပြုနေသည်။

ဖားကန့်ဒေသတွင် မကြာခဏတိုက်ပွဲများဖြစ်ပွားနေသော်လည်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှာ လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မြေစာစွန့်ပစ်မှုများကြောင့် မိုးတွင်းကာလရောက် တိုင်း ဖားကန့်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောကြသည်။

စာတည်း။ ။စောဖေ