အာဏာသိမ်းကာလ ၃ နှစ်နီးပါးအတွင်း ကလေးသူငယ် ၅၀၀ ကျော်သေဆုံးပြီး ၇၀၀ ကျော် ဖမ်းဆီးခံရ

ပုံအညွှန်း- ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် အမျိုးသမီးနှင့်ကလေးသူငယ်အချို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ အတွင်းကတွေ့ရစဥ် /(ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

001


(မဇ္စျိမ) ။ ။ အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများကြောင့် နိုင်ငံတဝန်း ကလေးသူငယ် ၅၀၅ ဦး သေဆုံးပြီး ၇၀၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယမန်နေ့ ဇန်နဝါရီလ ၁ ရက်‌နေ့တွင် ထုတ်ပြန်သည်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အခြေအနေများကို AAPP က ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ကလေးသူငယ်သေဆုံးမှုများမှာ စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်ပွားခဲ့ကာ ကျန်တိုင်းနှင့် ပြည် နယ်များတွင်လည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။


အဆိုပါ ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ပြည်သူ ၄၂၀၀ ကျော် သေဆုံး ခဲ့ပြီး ထိုအထဲတွင် အမျိုးသမီးသေဆုံးသူ ၇၀၀ ကျော် ပါဝင်ကြောင်းလည်း AAPP ကဆိုထားသည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး တိုက်ပွဲများပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များ သေဆုံးရသည့်အပြင် နှစ်ဖက်တပ်ဖွဲ့များက အသုံးပြုသည့် မြေမြှုပ်မိုင်း များကြောင့် ကလေးသူငယ် သေဆုံးမှုများလည်းရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောသည်။


“အခုချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေက အရမ်းများတော့ မပေါက်ကွဲသေးတဲ့ လက်နက် ကြီးတွေလည်း အများကြီးရှိတယ်။ တချို့ကလေးတွေကျတော့ မပေါက်သေးတဲ့ လက်နက်ကြီးတွေကို ယူဆော့ရင်းနဲ့ ၊ ဘယ်ကနေကောက်လာမှန်းမသိတဲ့ လက်နက်ကြီးတွေ ကောက်ဆော့ရင်းနဲ့ ထပေါက်ကွဲ ပြီး သေဆုံးတာလည်းရှိတယ်။ တချို့သောနွားကျောင်းသားလေးတွေဆိုလည်း နွားကျောင်းရင်းနဲ့ မိုင်းနင်း မိလို့ သေဆုံးရတဲ့ဟာတွေ ရှိတယ်။ မြေမြှုပ်မိုင်း အသုံးပြုမှုက နှစ်ဖက်လုံးမှာရှိတယ်”ဟု ၎င်းကဆိုသည်။


လက်ရှိတွင် တိုက်ပွဲများကြားတွင်ရှိသည့် ကလေးသူငယ်များအနေဖြင့် လေယာဉ်သံကြားရုံဖြင့်ပင် ကြောက်လန့်တကြား ပြေးလွှားငိုယိုကြပြီး စိတ်ဒဏ်ရာများရရှိလာကြကြောင်းလည်း ၎င်းကပြောသည်။


ထို့ပြင် အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ကလေးသူငယ်များထဲမှ ၃၀၀ ကျော်မှာလည်း ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ၏ စာရင်းအရ သိရသည်။


“ဥပဒေအရဆို မရဘူး။ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုဆိုရင် အာမခံပေးရမယ်။ အပြင်မှာ ထားရမယ်။ တော်တော်များများကို မိဘဆီကို ပြန်ပြီးအပ်နှံထားရမယ်ပေါ့။ ပြီးတော့ အပြစ်ရှိတယ်။ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင်လည်း သူ့သက်ဆိုင်ရာ ကလေးသူငယ် အကျဉ်းထောင်တွေရှိတယ်လေ။ ငှက်အော်စမ်းတို့ဘာတို့ အဲ့ဒီလိုနေရာမျိုးတွေမှာ ချုပ်နှောင်ထားပြီး တနှစ်ပြည့်တဲ့အခါ မိဘတွေက တရားရုံးမှာ သွားလျှောက်ခွင့်ရှိတယ်။ သူ့ကလေးက ကောင်းမွန်စွာနေတဲ့အကြောင်း လွှတ်ပေးပါဆိုလို့ ရှိရင် လွှတ်ပေးရတယ်ပေါ့။ အဲဒီလိုမျိုးတွေက ဥပဒေမှာတော့ရှိတာပေါ့။ ဒါပေမဲ့ စစ်အစိုးရက ဥပဒေမှ မလိုက်နာတာ”ဟု တရားလွှတ်တော်ရှေ့နေတဦးက ဆိုသည်။


အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း ကလေးသူငယ်များ အပါအဝင် ပြည်သူစုစုပေါင်း ၂၅,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၉,၈၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ