မေလ ရက်သတ္တပတ်အတွင်း CDF – KKG ရဲဘော် ၄ဦး ကျဆုံး

ပုံအညွှန်း။ ။ CDF KKG မှ ရဲဘော်များ(ဓာတ်ပုံ။ ။ CDF KKG)

ပုံအညွှန်း။ ။ CDF KKG မှ ရဲဘော်များ(ဓာတ်ပုံ။ ။ CDF KKG)

ကိုခင်မောင်

(မဇ္စျိမ) ။ ။နွေဦးတော်လှန်ရေးတိုက်ပွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG)မှ မေလ ပထမပတ်အတွင်း ရဲဘော် လေးဦးကျဆုံးသွားကြောင်း ယနေ့( မေလ ၈ရက် )တွင် သတင်းထုတ်ပြန်သည်။

၎င်း ကျဆုံးရဲဘော်လေးဦးထဲတွင် မြေမြုပ်မိုင်းမတော်တဆမှု၊ ဒရုန်းစစ်ဆင်ရေးအတွင်း မတော်တဆမှုနှင့် ရှေ့တန်းမြေပြင်တိုက်ပွဲအတွင်း ကျဆုံးမှု စသဖြင့် မေလ ၂ရက်နေ့မှ မေလ ၇ရက်နေ့အထိ စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲဝင်နေစဥ် ကျဆုံးသွားကြခြင်းဖြစ်ကြောင်း CDF-KKG သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။

“ကျဆုံးသွားတဲ့ ရဲဘော်တွေက တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၇)မှ ရဲဘော်တွေဖြစ်ပါတယ်။ သူတို့အားလုံးက တပ်ဖွဲ့အတွက် တော်တော်လေးအားကိုးရသူတွေဖြစ်တယ်။ တပ်ရင်းတပ်ဖွဲ့တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။” ဟု CDF-KKG သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္စျိမအားပြောသည်။

CDF-KKG၊ တပ်ရင်း(၇)၏တပ်စုမှူး ရဲဘော် ဒါလ်းရှန်းမုန်သည် မေလ၂ရက်နေ့တွင် တီးတိန်မြို့နယ်၌ ဖြစ်ပွားသော CNAနှင့် ပူးပေါင်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင်မေလ ၄ရက်နေ့တွင် တပ်ရင်း(၄)မှ သတင်းပြန်ကြားရေးတာဝန်ရှိသူ Ya Ya Kamနှင့် ရဲဘော်နေလင်းအောင်တို့ စစ်ဆင်ရေးတခုတွင် မြေမြုပ်မိုင်းမတော်တဆမှုဖြစ်ခဲ့ပြီး ရဲဘော်နေလင်းအောင်သည် အခင်းဖြစ်ပွားရာနေရာတွင်ပင် ကျဆုံးသွားကာ သတင်းပြန်ကြားရေးတာဝန်ရှိသူသည် ဆေးကုသမှုခံယူရင်းနှင့် မေလ ၇ရက်နေ့တွင် ကျဆုံးသွားခြင်းဖြစ်ဟု CDF-KKG ထံမှ သိရသည်။

CDF -KKG ၊တပ်ရင်း(၅)မှ ရဲဘော်အောင်လင်းထွန်းသည် မေလ ၆ရက်နေ့တွင် ရှေ့တန်းတနေရာ၌ ဒရုန်းစစ်ဆင်ရေးလုပ်နေစဥ် ရာသီဥတုကြောင့် ဒရုန်းချို့ယွင်းချက်ရှိပြီး ၎င်းတို့ဗုံးသီးမှ ကိုယ့်ကိုယ်ကိုပြန်လည်ထိခိုက်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။

စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ ပြည်သူလူထုကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ရဲဘော်လေးဦး၏ ပေးဆပ်မှုအပေါ် အထူးလေးစားဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း CDF-KKGမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့တွင်လည်း CDF-KKG၊ တပ်ရင်း(၇)မှ ဒုစခန်းမှူး ရဲဘော်ပေါင်ငင့်ပြောင်သည် ရှေ့တန်းတနေရာတွင် တာဝန်ထမ်းဆောင်စဥ် ကျဆုံးခဲ့သေးကြောင်း CDF-KKGတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)