စစ်တိုင်းမှူးနှင့်တိုင်းရဲတပ်ဖွဲ့မှူးရောက်နေချိန် ပြည်ကြီးတံခွန်ရဲစခန်းအား တိုက်ခိုက်ခဲ့ဟုဆို

ဓာတ်ပုံ- ပုံဟောင်း

007

မဇ္စျိမ။ ။မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မြို့မရဲစခန်းတွင် စစ်တိုင်းမှူးနှင့်တိုင်းရဲတပ်ဖွဲ့မှူးဦးဆောင်ပြီး အစည်းအဝေးပြုလုပ်နေကြောင်းသတင်းရရှိ၍ မိုင်းနှင့်ဗုံး အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Civil MEDIA SRPST က သတင်းထုတ်ပြန်သည်။

မန္တလေးမြို့၊ ၆၂ လမ်းနှင့် ၁၁၅ လမ်းထောင့်ရှိ ပြည်ကြီးတံခွန်မြို့မရဲစခန်းကို ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်တွင် မိုင်းတလုံး၊ လက်ပစ်ဗုံးတလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

အဆိုပါစခန်း၌ အလယ်ပိုင်းပိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရဲတပ်ဖွဲ့မှူးနှင့် စစ်ကောင်စီအရာရှိအချို့ အစည်းအဝေးပြုလုပ်နေကြောင်းသတင်းအရ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Civil MEDIA SRPST၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ အဲဒီမှာ အစည်းအဝေးလုပ်နေတယ်သတင်းရတော့ တခြားမစ်ရှင်ဖျက်ပြီး ပတခရဲစခန်း(ပြည်ကြီးတံခွန်မြို့မရဲစခန်း)ကို မစ်ရှင်ဖော်ခဲ့တာပါ” ဟုCivil MEDIA SRPST ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းက ဆက်လက်၍ ” စခ(စစ်ကောင်စီတပ်သား)အစောင့်တွေချထားတဲ့ကြားကမှ အောင်မြင်စွာဖောက်ခွဲနိုင်ခဲ့တယ်။ စခန်းတည် ဆောက်ပုံက စခတွေအတွက် အားသာချက်ရှိတာရယ်၊ အသုံးပြုရတဲ့ ပစ္စည်းကလည်း ကန့်သက်ချက်ရှိတာရယ်ကြောင့် ထိခိုက်သေဆုံး နည်းနိုင်ပါတယ်။ အတိအကျတော့မသိရသေးပါ” ဟု ဆိုသည်။

အလယ်ပိုင်းပိုင်းစစ်ဌာနချုပ်တိုင်းမှူးအပါအဝင် စစ်ကောင်စီအရာရှိများ အစည်းအဝေးပြုလုပ်နေကြောင်းသတင်းနှင့် တိုက်ခိုက်မှုနောက်ဆက်တွဲသတင်းအခြေအနေကို မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ယမန်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းဘက်မှ ပေါက်ကွဲသံံနှစ်ကြိမ်ဆက်တိုက်ကြားရပြီး ၁၅ မိနစ်ခန့်အကြာတွင် ဆေးရုံကား အရေးပေါ်အချက်ပေးသံလည်း ကြားခဲ့ရကြောင်း ရဲစခန်းအနီး၌ နေထိုင်သူအချို့ကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များဖြစ်ကြသော Civil MEDIA SRPST(Sagaing Region’s PDF Supporting Team)၊ Northern Tiger Group(NTG) နှင့် ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၁၅(ဗိုလ်ကောက်ရိုး)အဖွဲ့တို့ ပူးပေါင်းကာ ၀ရဇိန်အထူးစစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

၎င်းပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ရက် နံနက် ၁ နာရီခွဲခန့်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်းနှင့် မြို့ပတ်လမ်းအနီးတွင် ကင်းလှည့်လာသည့် ရဲကားနှစ်စီးအား လက်ပစ်ဗုံးနှစ်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၂၁ ရက် နံနက်ကလည်း မန္တလေးနန်းတွင်း၌ အခြေစိုက်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တာဝေးပစ်ရှော့တိုက်ဒုံး ခြောက်လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ အထူးစစ်ဆင်ရေး (U.S.O)နှင့် မဟာမိတ်များဖြစ်သည့် Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ No More Dictatorship NMD-PDF၊ Brave Warriors for Myanmar (BWM) အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ချမ်းအေးသာစံမြို့နယ်၊အမှတ်(၈)ရဲစခန်းမှ ဒုရဲအုပ်အမျိုးသမီးတဦးလည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မန္တလေးမြို့ ၈၁ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ ဗဟိုမီးသတ်အနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

စာတည်း – အေးချမ်း