ခင်ဦးမြို့တွင် စစ်ကောင်စီတပ် စစ်​ကြောင်းထိုး၍ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

ပုံစာ -ခင်ဦးမြို့နယ် အနောက်ခြမ်းကျေးရွာများ ထွက်ပြေးတိမ်းရှောင်လာသူတချို့ကို တွေ့ရစဥ်။ (ဓါတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး။)

008

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့က အင်အား ၁၀၀ကျော်ဖြင့် ယနေ့ ဒီဇင်ဘာ ၃ရက် နံနက် ၅နာရီခန့်မှစတင်ကာ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

“ဒေသခံ ၈,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိအချိန် စစ်ကြောင်းဟာ ခင်ဦးနယ် အနောက်ခြမ်း မြင်းဒေါင်းကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ လက်နက်ကြီးတကမ်း လွတ်ရာကို တိမ်းရှောင်ကြဖို့ အသိပေးထားပါတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာ ၂ရက်နေ့ ညပိုင်းတွင် ရေဦးမြို့နယ်၊ မူးသာကုန်းကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့တွင် ညအိပ်ရပ်နားခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း၌ မူးမြစ်ကို ဖြတ်ကူးကာ ခင်ဦးမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုသို့ စစ်ကြောင်းထိုးလာခြင်းကြောင့် အင်တိုင်း(တောင်၊မြောက်)ကျေးရွာ၊အင်းပတ်ကျေးရွာ၊ သရက်ပင်စုကျေးရွာ၊ ကားဆိပ်ကျေးရွာ၊ မကျီးအုပ်ကျေးရွာ၊ မြင်းဒေါင်းကျေးရွာ၊ ယာတော်ကျေးရွာ၊ မြင်းဒေါင်းကျေးရွာနှင့်မြင်းကျကျေးရွာတို့မှ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

“အခု မနက် ၈နာရီလောက် ကျွန်တော်တို့ရွာဘက်ရောက်လာပြီး ပတ်မွှေနေတယ်။ တွေရာလူဖမ်းဆိုတော့ အကုန်ပြေးရတာပဲ။ ဘယ်သူမှ အဖမ်းခံ အသတ်မခံနိုင်ဘူး။ စစ်တပ်က လူစိတ်မှ မရှိတာ လွတ်ရာ အကုန်ပြေးပဲ။”ဟု မြင်းဒေါင်းကျေးရွာသားတဦးက ပြောသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင်းနှင့် အနီးဆုံးကျေးရွာများလည်း ကြိုတင်တိမ်းရှောင်ကြရန် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း နှိုးဆော်အသိပေးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင်လည်း ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက် ပြုလုပ်ထားသေးသည်။

စာတည်း – သန့်ဇော်(သန်လျင်)