စစ်ကောင်စီလေတပ်အတွက် အိန္ဒိယက ထောက်ပံ့နေသည်ဟု JFM ပြော

Photo:စစ်ကောင်စီ

၀၀၂

(မဇ္ဈိမ) ။ ။ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီလေတပ်အတွက် အာရုံခံကိရိယာများ၊ အပူချိန်တိုင်းကိရိယာများ၊ တိုင်းတာရေးနှင့် လေကြောင်းလမ်းညွှန်ကိရိယာများနှင့် သင်တန်းသင်ထောက်ကူပစ္စည်းများ အိန္ဒိယက ထောက်ပံ့နေသည်ဟု Justic for Myanmar (JFM ) ၏ ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် အိန္ဒိယလေတပ်၏ 31 ရွေ့လျားထိန်းချုပ်ယူနစ် (MCU) သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ မြန်မာ့လေတပ်၏ ပြုပြင်ထိန်းသိမ်းရေးဌာနသို့ “ကာကွယ်ရေးပစ္စည်းများ” ဟု အမည်တပ်၍ ပစ္စည်းအရေအတွက် ၅၂ မျိုးကို စစ်ကောင်စီ လေတပ်စခန်းဌာနချုပ်၏ ပြုပြင်ထိန်းသိမ်းရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ထံ လိပ်မူပေးပို့ခဲ့သည်ဟု JFM က ဆိုသည်။

31 MCU သည် အိန္ဒိယလေတပ်၊ ပြုပြင်ထိန်းသိမ်းရေးဌာနချုပ်၏ အစိတ်အပိုင်းတရပ်ဖြစ်ပြီး နယူးဒေလီရှိ Palam လေတပ်စခန်းဌာနချုပ်တွင် အခြေစိုက်သည်။

ရွေ့လျားထိန်းချုပ်ယူနစ်များသည် အိန္ဒိယလေတပ်၏ ထောက်ပံ့ ပို့ဆောင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လေတပ်ကိုယ်စား ကုန်စည်တင်သွင်းမှုနှင့် တင်ပို့မှုများကို လုပ်ဆောင်ပေးသည်။
တင်ပို့ခဲ့သည့် ကုန်စည်များတွင် အာရုံခံကိရိယာများ၊ အပူချိန်တိုင်းကိရိယာများ၊ တိုင်းတာရေးနှင့် လေကြောင်းသွားလာမှု လမ်းညွှန်ကိရိယာများနှင့် သင်တန်းသင်ထောက်ကူပစ္စည်းများ ပါဝင်သည်။

ယင်းကုန်စည်များသည် အလိုအလျောက်စနစ် မိုးလေဝသ အထိုင်စက် (AWS) တစ်ခု သို့မဟုတ် အများအပြားအတွက် ရည်ရွယ်ပေးပို့ခဲ့သည့် ပစ္စည်းများဖြစ်ကြောင်း၊ AWS သည် သမာရိုးကျ မိုးလေဝသ အထိုင်စက်တွင် အလိုအလျောက်စနစ် တပ်ဆင်ထားသည့် ပုံစံဖြစ်ပြီး လူသားလုပ်အား လျော့ချရန်နှင့် သွားလာရန်ခက်ခဲပြီး ဝေးလံသောနေရာများမှ တိုင်းတာချက်များ ရရှိနိုင်ရန် အသုံးပြုသည်ဟု JFM က ဆိုသည်။

၂၀၂၄ ကုန်ပစ္စည်းတင်ပို့မှုမတိုင်မီတွင် 31 MCU သည် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံးထံ အလားတူကုန်ပစ္စည်း အမျိုးအမည် ၇၂ မျိုးပါဝင်သော ကုန်တင်ပို့မှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်ကလည်း ပေးပို့ခဲ့သည်ဟု Justic for Myanmar (JFM ) က ပြောသည်။

ထို့ပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ Hindustan Aeronautics Limited (HAL) သည်လည်း မြန်မာနိုင်ငံသို့ MiG လေယာဉ် အပိုပစ္စည်းများ တင်ပို့မှုများကို လက်ရှိလုပ်ဆောင်နေကြောင်း JFM က ဆိုသည်။

ဘန်ဂလိုးမြို့တွင် ရုံးချုပ်တည်ရှိသည့် HAL ကုမ္ပဏီသည် တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ၊ ဂျက်အင်ဂျင်များနှင့် လေယာဉ်ပုံစံထုတ်စနစ်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်းများကို လုပ်ဆောင်သည်။

HAL ကုမ္ပဏီသည် မြန်မာနိုင်ငံအား လက်ရှိဖောက်သည်နိုင်ငံအဖြစ် ဖော်ပြထားပြီး ယင်းကုမ္ပဏီမှ MiG အပိုပစ္စည်းများ နောက်ဆုံးရောင်းချပေးခဲ့သည့် ရက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တင်ပို့မှုများနှင့် ပတ်သက်ပြီး HAL ကုမ္ပဏီက မေးမြန်းမှုများကို တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိခဲ့ဟု JFM ကဆိုသည်။

စစ်ကောင်စီသည် MiG-29 တိုက်ခိုက်ရေး ဂျက်လေယာဉ် ၃၇ စီးထက်မနည်း ပိုင်ဆိုင်ထားပြီး လေကြောင်းတိုက်ခိုက်မှုများတွင် ယင်းတို့ကို အသုံးပြုသည်ဟု JFM က ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်သည် Stockholm International Peace Research Institute ကို ကိုးကား၍ ၂၀၁၈ ခုနှစ် အတွင်း မြန်မာစစ်တပ်ထံ HAL HJT-16 Kiran အမျိုးအစား တစ်ပတ်ရစ်လေ့ကျင့်ရေး လေယာဉ်များစွာ လွှဲပြောင်း ရောင်းချပေးခဲ့မှုအတွက် HAL ကုမ္ပဏီအား အစီရင်ခံစာတွင် စာရင်းသွင်း ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လတွင် ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက “HAL ကုမ္ပဏီအနေနဲ့ ၂၀၁၇-၂၀၁၉ မှစပြီး မြန်မာ့ကာကွယ်ရေးတပ်များနဲ့ မည်သည့်စီးပွားရေးဆောင်ရွက်မှုမှ မရှိတော့ပါဘူး။ အမှန်တကယ်လည်း HAL အနေနဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးပတ်သက်မှု မရှိတော့တာ ဒီကနေ့အချိန်အထိပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံက မြန်မာအရပ်သားပြည်သူများအပေါ် လေတပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုများ သိရှိလျက်နှင့်ပင် နည်းဗျူဟာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် တိကျမှုကို မြှင့်တင်ပေးနိုင်သည့် ယင်းစက်ပစ္စည်းကိရိယာများ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နည်းပညာ အကူအညီများကိုလည်း တိုက်ရိုက်ပေးအပ်ခဲ့ကြောင်း JFM က ပြောထားသည်။

အိန္ဒိယအနေဖြင့် မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာနှင့် လောင်စာဆီများ လွှဲပြောင်းရောင်းချမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် JFM က တောင်းဆိုထားသည်။

အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဌာနတို့နှင့် စီးပွားရေးဆက်ဆံမှုရှိကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုအား ထောက်ခံပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင်ရန်အတွက် စည်းရုံးတိုက်တွန်းရာတွင် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို အသုံးချသင့်ကြောင်းလည်း JFM က တိုက်တွန်းထားသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ နောက်ဆုံး လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၅၀ ကျော်ကို ပြုလုပ်ခဲ့ပြီး ပျှမ်းမျှအားဖြင့် တရက်လျှင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်သည်ကို တွေ့ရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ မဆင်မခြင် တိုက်ခိုက်မှုများ ဖြစ်ပြီး ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ လူနေရပ်ရွာတခုလုံးကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း Justic for Myanmar (JFM ) က ပြောသည်။

ယခုနှစ် မတ် ၁၈ ရက်တွင် မင်းပြားမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ရိုဟင်ဂျာ ၂၂ ဦးသေဆုံးပြီး ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက် ခိုက်မှုများကြောင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများနှင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

ဇန်နဝါရီ ၇ ရက်တွင် စစ်အုပ်စုသည် အိန္ဒိယနယ်စပ်အနီး စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာတရွာအား လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ကိုးဦး အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလတွင် ရမ်းဗြဲမြို့ရှိ ဆေးရုံတရုံနှင့် လူနေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သည်။

စာတည်း။ ။ နောင်နောင်