မင်းတပ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်မှူး စနိုက်ပါ ထိမှန်

ပုံအညွှန်း – CDF – Mindat ရဲဘော်များ (ဓါတ်ပုံ – CDF – Mindat)

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ စနိုက်ပါထိမှန်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat က ယနေ့ ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့က မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၌ ခြေလျင်ဖြင့်ကင်းလှည့်လာစဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ကင်းလှည့်လာတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ဗိုလ်မှူးကတော့ စနိုက်ပါထိသွားတယ်။ လက်နက်ကြီးနဲ့ လျှောက်ရမ်းပစ်နေကြတယ်ဆိုတော့ သေသွားပုံရတယ်” ဟု CDF – Mindat သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဇလပ်သွေးက မဇ္စျိမကို ပြောသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က အနီးရှိ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်နယ်(၄)ဖက်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အရပ်သားသုံးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တိုက်နယ် (၄) ဖက်သို့ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့၍ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်းသိရသည်။

မင်းတပ်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွားကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း CDF – Mindat က ထုတ်ပြန် ထားသည်။

CDF–Mindat သည် မဟာမိတ်များနှင့်လက်တွဲ၍ စခန်းသိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာ ဆက်လက် ဆင် နွှဲနိုင်ရေးအတွက် “Project Mindat 2024” အမည်ဖြင့် ရန်ပုံငွေရှာလျက်ရှိသဖြင့် မိဘပြည်သူများ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ