သထုံမြို့ ဈေးမသွယ်ထောင်မှ လွတ်ငြိမ်း ၇၀ အနက် နိုင်ကျဉ်း ၇ ဦးသာပါဝင်

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဈေးမသွယ် အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးသာ ပါဝင်ကြောင်း ဈေးမသွယ်ထောင် သတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့၊ စစ်ကောင်စီ​၏ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုသည့် လွတ်ငြိမ်းများတွင် သထုံမြို့နယ်၊ ဈေးမသွယ်ထောင်မှ အကျဉ်းသား ၇၀ ဦး ပြန်လည်လွတ်မြာက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ပါဝင်ကြောင်း သိရသည်။

သထုံမြို့ ဈေးမသွယ်ထောင်တွင် နိုင်ငံရေး ပုဒ်မများဖြင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၀၀ ကျော်ရှိပြီး ယခု လွတ်ငြိမ်းတွင် ပါဝင်သည့် နိုင်ကျဉ်း ခုနစ်ဦးမှာ လွတ်ရက်စေ့ခါနီး ဖြစ်ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အကျဉ်းကျနေသူများ ဖြစ်ကြောင်း သိရသည်။

” ခိုးဆိုးလုနှိုက်တွေက အများဆုံးပါ။ နိုင်ကျဥ်းက ၅၀၅ လောက်ပဲ လွှတ်တာ။ စျေးမသွယ်က ခိုးဆိုးလုနှိုက် ၆၃ ယောက်နဲ့ နိုင်ကျဥ်း ခုနစ်ယောက်။ အဲ့ဒီ ခုနစ်ယောက်ကလည်း လွတ်ရက်စေ့တော့မယ် လူတွေ။ ဒီမှာ အမျိုးသမီး မရှိဘူး။ လွတ်တာ အမျိုးသမီးမပါဘူး” ဟု ဈေးမသွယ်ထောင် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီက ယနေ့ကျရောက်သည့် ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၉,၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီး ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးထားသည့် န်ိုင်ငံရေးအကျဉ်းသားပေါင်း ၂၅,၇၃၀ ဦးရှိကြောင်း AAPP ​၏ ဇနဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)