လှိုင်သာယာ ၅ ထိပ်ရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ၄၀ မမဖြင့် ပစ်ခတ်

စစ်ကောင်စီတပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များ(ပုံ-အဟောင်း)

ရောင်နီ

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ် ရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့(Dark Shadow)မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်လမ်းပေါ်ရှိ ၅ ထိပ်ရဲစခန်းကို Urban Freedom စစ်ဆင်ရေးအဖြစ် ၄၀ မမ ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဟု ဆိုသည်။

“ ၅ ထိပ် ရဲစခန်းကိုပဲ ဦးတည်တိုက်ခိုက်ခဲ့ပါ။ အဲဒီစခန်းဘေးမှာ နှစ်လုံးကွဲတယ်။ လှိုင်သာယာ အရှေ့ပိုင်း ရဲစခန်းဘေးမှာ နှစ်လုံးကွဲတယ်” ဟု Dark Shadow တာဝန်ရှိသူ ရဲဘော်အရိပ်(ပန်ဒါ)က မဇ္ဈိမကို ပြော သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုကို သီးခြားအတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ရဲဘော်တွေ အကောင်းဆုံးကြိုးစားခဲ့ကြတဲ့အတွက် ထိတော့လည်း သူတို့(စစ်ကောင်စီ တပ်) ကံပေါ့။ မထိတော့လည်း သူတို့မလုံခြုံဘူးဆိုပြီး အကြောက်တရားဝင်တာပေါ့” ဟု ပြောသည်။

ယင်းတိုက်ခိုက်မှုတွင်အသုံးပြုခဲ့သည့် ၄၀ မမသည် မမနှင့်အတူမြို့ပြကူကမ်းပိန်းမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ထောက်ပို့ပြည်သူများကို အသိပေးသည်။

ပစ်ခတ်မှုလုပ်ဆောင်ခဲ့သောရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လှိုင်သာယာမြို့နယ်အတွင်း စစ်ဆေးခြင်း တင်းကြပ်စွာလုပ်ဆောင်ခဲ့ကြောင်း ဒေသခံ များက ပြောသည်။

Dark Shadow အဖွဲ့၏ Urban Freedom စစ်ဆင်ရေးကို ဧပြီလ ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး ရန်ကုန်တိုင်း အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။စောဖေ