ကညွတ်ကွင်းမြို့မှ စစ်‌ကောင်စီကင်းစခန်း ၈ ခုကို KNLA၊PDF တိုက်ခိုက်သိမ်းပိုက်

ပုံအညွှန်း- ရန်ကုန်- မန္တလေး လမ်းဟောင်းပေါ် ကညွတ်ကွင်းတဝိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ၊ ပျက်စီးသွားသည့် တံတားတစင်း၊ တိုက်ပွဲဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ/ (ဓါတ်ပုံ- KNU၊ Royal Peacock Column)

YT

(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့တဝိုက်ရှိ စစ်ကောင်စီတပ်​၏ ကင်းစခန်းရှစ်ခုနှင့်စစ်ကောင်စီထောက်ပို့လမ်းကြောင်းပေါ်ရှိ တံတားတစင်းအား တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ​၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် စစ်ကောင်စီ၏စခန်းအနီးအနားတွင် လုံခြုံရေးယူထားသော ကာကင်းစခန်းများကို ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၃၀ မိနစ်မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ကညွတ်ကွင်းမြို့အနီးရှိ သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊အုတ်ဖိုကင်း၊လင်းယောခင်ရွာကင်း၊အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း၊ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားကို ယနေ့နံနက် ၄နာရီခွဲမှ ၅နာရီခွဲအထိ ၁နာရီကြာ စစ်ဆင်ရေးအတွင်း တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ခြင်းဟုဆိုသည်။

” စစ်ကောင်စီဘက်က သေတာတွေရှိတယ်။ ဘန်ကာတွေထဲမှာ။ စုစုပေါင်း ၂၀ ဝန်းကျင်လောက်တော့ ရှိမယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု မြေပြင်တိုက်ပွဲဝင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါစခန်းများအား တိုက်ခိုက်ရှင်းလင်းစဉ်အတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိပြီး စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုစာရင်းများကို စစ်ဆေးအတည်ပြုနေဆဲဟု KNU က ထုတ်ပြန်ထားသည်။ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ​၏ တိုက်ခိုက်မှု အပြီးတွင် ဖြူး၊ကညွတ်ကွင်းနှင့် ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်၍ ဒေသခံအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်တွင် အချိန် ၁ နာရီကျော်ကြာ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း