မြောက်ဒဂုံ အိမ်မွေးတိရစ္ဆာန်ဟိုတယ်မီးလောင်ပြီး ခွေး၊ ကြောင် အများအပြားသေဆုံးဟု မျက်မြင်တွေ့သူများပြော

ကီရာ

(မဇ္ဈိမ) ရန်ကုန် မြောက်ဒဂုံမြို့နယ်ရှိ အိမ်မွေးတိရစ္ဆာန်ဟိုတယ်တခုတွင် ယမန်နေ့ (ဇန်နဝါရီ ၃ ရက်)ညက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ခွေး ကြောင်အကောင်ရေ ၃၀ ဝန်းကျင်သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက မဇ္ဈိမသို့ပြောသည်။

မြောက်ဒဂုံမြို့နယ်၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းရှိ Su Zin Pet Hotel တွင် ဗုဒ္ဓဟူးနေ့ ည ၇နာရီ ၄၄ မိနစ်အချိန်တွင် မီးလောင်မှု စတင်ကာ ၁၄ မိနစ်အကြာတွင် မီးငြိမ်းခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ကြောင်လှောင်အိမ်ဘက်က မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနှင့် လောင်ကျွမ်းမှုဖြစ်ချိန်တွင် ဂေဟာတွင် လူအစောင့်အရှောက်မရှိဟု ပတ်ဝန်းကျင်နေသူများကပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

မီးလောင်မှုဖြစ်ပွားစဉ်က Su Zin Pet Hotel တွင် ခွေး၊ ကြောင် စုစုပေါင်း အကောင်ရေ ၁၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။ မီးလောင်ဒဏ်ရာရရှိသော ခွေး၊ ကြောင်လေးများအချို့ ဆေးကုသမှုခံရင်း သေဆုံးခဲ့ရသော်လည်း ပွင့်ထွက်သွားသော အနောက်ဘက် ခြံစည်းရိုးမှ အများစု လွတ်မြောက်သွားခဲ့သည်။

လျှပ်စစ်ဓာတ်ကြိုးရှော့ဖြစ်ရာက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်နေသူများကပြောကြားသော်လည်း မီးသတ်ဦးစီးဌာနကမူ မီးလောင်ကျွမ်းမှုအကြောင်းရင်းနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမပြုပါ။

တိလေးများဟိုတယ်သည် လာရောက်အပ်နှံထားသော အိမ်မွေး တိရစ္ဆာန်လေးများကို အခကြေးငွေယူပြီးစောင့်ရှောက်ထားသလို ပိုင်ရှင်မဲ့ခွေး ကြောင်များလည်း မွေးထားခဲ့သည်ဟု သိရသည်။

“ ကြောင်တွေကော၊ ခွေးတွေကောပဲ။ အကောင်အရေအတွက်ကတော့ ဂေဟာပိုင်ရှင်ပဲ သိနိုင်မယ် ။ ကျွန်တော်တို့ ကယ်ခဲ့တာတော့ ခွေးသားပေါက်လေးတွေ ခြောက်ကောင်လောက် ရှိမယ်၊ ခွေးအကြီးတွေဆိုရင် ခုနှစ်ကောင် ရှစ်ကောင်လောက် ရှိမယ်။ သေနေတဲ့ခွေးလေးတွေလဲ တွေ့ခဲ့တယ်။ သေနေတဲ့ အကောင်လေးတွေက အများဆုံးတွေ့ခဲ့ရတာကတော့ ၂၀၊ ၃၀ လောက်ရှိပါမယ်။ ဒီမနက် သွားကြည့်တော့ အသက်ရှင်ကျန်ခဲ့တဲ့ ခွေးတွေလည်း အများကြီးရှိသေးတယ်။ လွတ်သွားတဲ့ ခွေးတွေလည်းရှိတယ်ဆိုတော့ သုံးပုံတစ်ပုံလောက်က သေတဲ့အထဲ ပါသွားတယ်နဲ့ တူပါတယ်။”ဟု ယနေ့နံနက်က သွားရောက်စောင့်ရှောက်မှုပြုသူတဦးက မဇ္ဈိမသို့ပြောသည်။

ပိုင်ရှင်ဖြစ်သူကို မဇ္ဈိမက ဖုန်းဆက်မေးမြန်းရာတွင် ဖုန်းစက်ပိတ်ထားသည်။ ပိုင်ရှင်ဖြစ်သူ အဖမ်းခံရသည်ဟု ပတ်ဝန်းကျင်နေသူများက ပြောကြားသော်လည်း အနီးဆုံးရဲစခန်းဖြစ်သော ထားဝယ်ချောင်ရဲစခန်းသို့ဆက်သွယ်၍ မရနိုင်ပါ။

လတ်တလောတွင် အဆိုပါဟိုတယ်တွင် တိရစ္ဆာန်ချစ်သူများမှ လာရောက် အစာကျွေးမွေးခြင်းများ လုပ်ဆောင်ပေးနေကြသည်။ သို့သော် အခင်းဖြစ်ပွားရာနေရာကို ငါးရက်အတွင်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ၎င်းတို့ လူမှုကွန်ရက်တွင် ဖော်ပြထားကြသည်။

“ ပိုင်ရှင်သိစေရန် ၊ Su Zin Pet Hotelမှ အသက်ရှင် ကျန်ခဲ့တဲ့ ကလေးတွေပါ ၊ ကျွန်မတို့ ကူညီပေးသူတွေ အချိန် ငါးရက်ပဲ ရပါတယ်။ နေရာမရွေ့ပြောိင်းရခင် လာခေါ်စေချင်ပါတယ်”ဟုရေးသားထားပြီးပိုင်ရှင်များအနေဖြင့် ဓာတ်ပုံများပြ၍ ၎င်းတို့ ခွေးလေး၊ ကြောင်လေးများကို ပြန်လည်ခေါ်ယူနိုင်ကြောင်းကိုလည်း Live လွှင့် ပြောဆိုထားကြသည်ကိုလည်း တွေ့ရသည်။

ဓာတ်ပုံ-မြောက်ဒဂုံမြို့နယ်ရှိ အိမ်မွေးတိရစ္ဆာန်ဟိုတယ်တခုတွင် ဗုဒ္ဓဟူးနေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မီးသတ်ဌာနက ငြိမ်းသတ်မှုပြုနေစဉ်။