ခမရ(၄၀၉)အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ဒေါနစစ်ကြောင်းမှ အမျိုးသမီးရဲဘော်များ ပထမဆုံး အနေဖြင့် ပူးပေါင်းပါဝင်

ပုံအညွှန်း- ဒေါနစစ်ကြောင်းမှ အမျိုးသမီးစစ်သည်များ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှ စစ်ကောင်စီလက်အောက်ခံ ခမရ(၄၀၉) တပ်ရင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေါနစစ်ကြောင်းမှ အမျိုးသမီးစစ်သည်တော်များ ပထမဆုံးအနေဖြင့် ပူး ပေါင်းပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ကျေးရွာအကြား ရေး-ထားဝယ်ကားလမ်းပေါ်ရှိ အမှတ် (၄၀၉)ခြေမြန်တပ်ရင်းကို ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF တပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီက ၈၁ မမ ဗုံးသီးငါးလုံးအား ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်း အဖွဲ့ထံမှ သိရ သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရာရှိရိပ်သာအပါအဝင် ဗဟိုကင်းနှင့် လက်နက်တိုက် အဆောက်အအုံများကို ထိခိုက်ပျက်စီးခဲ့ပြီး လူပါထိခိုက်မှုရှိနိုင်ကြောင်း ဒေါနစစ်ကြောင်းဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ယခုစစ်ဆင်ရေးတွင် ဒေါနစစ်ကြောင်းမှ အမျိုးသမီးစစ်သည်များလည်း ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

“ကျနော်တို့ ဒေါနစစ်ကြောင်းက ရဲဘော်/ရဲမေ မခွဲထားဘူး၊ အားလုံးတန်တူပါပဲ။ ဒါပေမယ့် စခန်းသိမ်းပွဲနဲ့ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲတွေမှတော့ အမျိုးသမီးရဲမေတွေကို နောက်တန်းအင်အားအဖြစ်ထားပါတယ်။

သူတို့ အန္တရာယ်ကင်းစွာတိုက်ခိုက်နိုက်တဲ့ ဒရုန်း၊ စနိုက်ပါ၊ ဆေးအဖွဲ့တွေမှာသာ အမျိုးသမီးရဲမေတွေကို တိုက်ခိုက်ခွင့်ပြုပါတာပါ၊ ဒရုန်းတပ်ဖွဲ့ ရဲမေတွေလည်း ပါတယ်” ဟု စောဒါးကိုက ပြောသည်။

တိုက်ခိုက်မှုတွင် ဒေါနစစ်ကြောင်း တပ်ခွဲ(၄)၏ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(T1)မှ မြေပြင်‌ချေမှုန်းရေးကွန်မန်ဒိုတပ်ဖွဲ့နှင့် ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းတွင် အမျိုးသမီးရဲမေများလည်း လုံခြုံရေးနှင့် ကျရာနေရာတွင် တာဝန်ထမ်းဆောင်နေကြကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ