KNU တပ်မဟာ (၅)နယ်မြေတွင် ၁ နှစ်အတွင်း လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၃၀ သေဆုံး၊ ၄၇ ဦးထိခိုက်ဒဏ်ရာရ

ပုံအညွှန်း- စက်တင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒွယ်လိုးမြို့နယ်၊ ထီးဂေါ်ထာကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား၊ ကျောင်းဆရာများ

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ၂၀၂၃ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၃၀ ဦး သေဆုံး၍ ၄၇ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ KNU တပ်မဟာ (၅) နယ်မြေအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီးများဖြင့်သာမက လေယာဉ်တင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် KNU တပ်မဟာ (၅) နယ်မြေအတွင်း နေထိုင်သည့် ကလေး၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ဒေသခံ ၃၀ ဦးသေဆုံး၍ ၄၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ် ၉၃ လုံး၊ စာသင်ကျောင်းအတွင်းရှိ အဆောက်အဦ ငါးလုံး၊ ဘာသာရေးအဆောက်အဦ ရှစ်လုံး၊ ဆေးရုံ၊ ဆေးပေးခန်း လေးလုံးနှင့် ဒေသခံများ၏ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ ကူးသန်းသွားလာရေးသုံး ယာဉ်များ၊ ဒေသခံများ မွေးမြူထားသည့် ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ ကျွဲ၊ နွား မြောက်များစွာ ထိခိုက်ပျက်စီးခြင်းရှိသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက ဒေသခံများပိုင်ဆိုင်သည့် ထိုင်းဘတ်ငွေ နှစ်သိန်းရှစ်သောင်း၊ မြန်မာငွေ တသိန်းကျပ်၊ ဖုန်းသုံးလုံးနှင့် စကားပြောစက်တလုံးကိုပါ လုယက် ယူဆောင်သွားကြောင်း KNU က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် ဒေသခံများပိုင်ဆိုင်သည့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးမှုများအပြင် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လက်နက်ချ အလင်းဝင်လာမှုများကိုလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် တနှစ်အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲ ၁,၈၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၆၉ ဦးသေဆုံး၍ ၆၀၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးနှင့် ဒဏ်ရာရသူများအနက် တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒု- တပ်ခွဲမှူး၊ တပ်ကြပ်ကြီး၊ တပ်ကြပ် စသည့် ရာထူးအကြီးပိုင်းများလည်း ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ တနှစ်အတွင်း စစ်ကောင်စီတပ်သားများ၏ တပ်စွန့်ခွာမှုနှင့် KNLA ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ တပ်စခန်းသုံးခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ၏ စခန်း အဆောက်အအုံ ၃၁ လုံး၊ မော်တော်ယာဉ် ၁၃ စီးနှင့် မြင်း၊ လား အကောင်ရေ ၁၀၀ ကျော်ကိုလည်း ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ကာ မြင်း နှင့် လား ခြောက်ကောင်ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဆိုသည်။

အဆိုပါ တနှစ်တာ တိုက်ပွဲများအတွင်း KNLA ဘက်မှ ရဲဘော် ၄၅ ဦး ကျဆုံး၍ ၁၈၃ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား ၃၀ ဦး တပ်မဟာ (၅) KNLA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)