ကျိုက်ထိုမြို့နယ်တွင် ဒေသခံ ၂ ဦးပစ်ခတ်ခံရ၍ သေဆုံး

YT

(မဇ္ဈိမ) ။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် ဇန်နဝါရီလ ၄ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က ဒေသခံနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံထံက သိရသည်။

“မိန်းကလေးက ထမင်းထိုင်စားရင်း ထိတာ၊ ခေါင်းကိုထိတော့ သေသွားတာ”ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်ခံရသည့် ဦးညီညီလွင်ဆိုသူမှာ သေနတ်မှန်ဒဏ်ရာများဖြင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားပြီး မနှင်းရည်ထွေးမှာမူ နေရာ၌ပင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံထံက သိရသည်။

မုပ္ပလင်ကျေးရွာနေ အသက် ၄၀ ကျော် အရွယ်ရှိ ဦးညီညီလွင်ဆိုသူသည် မုပ္ပလင်ဈေးတွင် ကွမ်းယာဝယ်ယူနေစဉ် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းအားလာရောက်ပစ်ခတ်ချိန်တွင် ကွမ်းယာဆိုင်အနီးရှိ နေအိမ်အရှေ့တွင် ထမင်းစားနေသည့် အသက် ၃၀ နှစ်နီးပါးအရွယ် မနှင်းရည်ထွေးကိုပါ သေနတ်ထိမှန်သွားကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

မည်သည့်အဖွဲ့က ယခုကဲ့သို့လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ကို ထုတ်ပြန်လာခြင်းမရှိသေးပေ။

ပစ်ခတ်ခံရသည့် ဦးညီညီလွင်ဆိုသူမှာ စစ်ကောင်စီတပ်ထံ သတင်းပေးနေသူဖြစ်သည်ဟု သတင်းများ ထွက်‌ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာနေ လက်ထောက် အခွန်ဦးစီးမှူး ဦးသန်းလွင်နှင့် ဇနီးဖြစ်သူတို့ တော်လှန်ရေးရဲဘော်နှစ်ဦး၏ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းခံရ၍ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး