ဆော်ဒီပရိုလိဂ်မှာ သွင်းဂိုး စံချိန်သစ်စိုက်ထူတဲ့ ရော်နယ်လ်ဒို

By PKThawn

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ်-အီတီဟဒ်နဲ့ပွဲမှာ အယ်လ်-နာဆာအတွက် နှစ်ဂိုးသွင်းခဲ့ပြီးနောက် စုစုပေါင်း သွင်းဂိုး ၃၅ ဂိုးနဲ့အတူ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသမိုင်းတလျောက် တရာသီအတွင်း လိဂ်ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

လိဂ်ရာသီအပိတ်ပွဲစဉ်မှာ အယ်လ်နာဆာက အယ်လ်-အီတီဟဒ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် ရော်နယ်လ်ဒိုအနေနဲ့ ၂၀၁၈-၁၉ ရာသီက ဟမ်ဒါလာရဲ့ ၃၄ ဂိုး မှတ်တမ်းကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

“ကျနော်က စံချိန်တွေနောက် လိုက်နေတာမဟုတ်ပါဘူး၊ စံချိန်မှတ်တမ်းတွေက ကျနော့်နောက်ကို လိုက်နေတာပါ”လို့ ပေါ်တူဂီတိုက်စစ်မှူးက စံချိန်သစ်တင်အပြီး X မှာ ရေးသားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် ၂၀၂၃ ဇန်နဝါရီလမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပြီးနောက်ပိုင်း ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ  အယ်လ်-နာဆာအတွက် ပြိုင်ပွဲစုံ ၆၉ ပွဲမှာ ၆၄ ဂိုးထိ သွင်းယူထားပါတယ်။

ဒီနိုင်ပွဲကြောင့် အယ်လ်-နာဆာတို့ဟာ နှစ်ရာသီဆက်တိုက် အမှတ်ပေးဇယားမှာ ဒုတိယနေရာက ရပ်တည်ခဲ့ပြီး ချန်ပီယံ အယ်လ်-ဟီလာလ်နောက် ၁၄ မှတ်အကွာမှာ ရှိနေခဲ့ပေမယ့် တတိယနေရာက အယ်လ်-အဟ်လီကိုတော့ ၁၇ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အခုဆိုရင် သူ့ရဲ့ ကစားသမားဘဝ ၂၂ နှစ်အတွင်း စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့အတွက် ၇၆၅ ဂိုး သွင်းယူထားပါတယ်။

ဒါ့အပြင် သူဟာ အမှတ်ပေးလိဂ် လေးခုမှာ ဂိုးသွင်းအများဆုံးဆုတွေကို ရယူနိုင်တဲ့ ပထမဦးဆုံးသော ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီကို ဖလားရယူခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လာမယ့်လ ဂျာမနီမှာ ဒီနှစ်ပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာ အရွေးခံခဲ့ရပြီးနောက် သူ့ရဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာပြိုင်ပွဲကို ဝင်ပြိုင်မှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ပေါ်တူဂီအသင်းအတွက် ၂၀၆ ပွဲကစား၊ သွင်းဂိုး ၁၂၈ ဂိုးနဲ့အတူ နိုင်ငံတကာသွင်းဂိုး အများဆုံးစံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Ref; AFP