မြေပုံမြို့နယ် ပွိုင့် ၄၀၂ နှင့် ၄၀၈ တောင်ကုန်းရှိ စစ်ကောင်စီ တပ်သားများ ကိုယ့်စခန်းကိုယ် မီးရှို့ဖျက်ဆီးပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ထွက်ပြေး

စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်စီးခဲ့သည့် စခန်းမှ လက်နက်ခဲယမ်းများ ပေါက်ကွဲနေစဉ်။

002

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပွိုင့် ၄၀၂ နှင့် ၄၀၈ တောင်ကုန်းရှိ စစ်ကောင်စီ တပ်သားများ စခန်းကို မီးရှို့ဖျက်ဆီးပြီး အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်သို့ ထွက်ပြေးသွား‌ကြောင်း ရခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်တွင် မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာ၏ အနောက်မြောက်ဖက် ၂.၇ ကီလိုမီတာ အကွာအဝေးရှိ ပွိင့် ၄၀၂ နှင့် ပွိင့် ၄၀၈ ကုန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ လက်နက် ကြီးများနှင့် စခန်းကုန်းတစ်ခုလုံးကို ၎င်းတို့ ကိုယ်တိုင်မီးရှို့ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

အဆိုပါစခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င်များမှာ စစ်ရဟတ်ယာဉ် များဖြင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တိမ်းရှောင် ထွက်ပြေးကာ ပူးပေါင်းသွားခဲ့ပြီး စစ်သားများမီးရှို့ခဲ့သည့် စခန်းများ မှာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်း လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။