BPLA၏ မူဝါဒစာတမ်းထုတ်ပြန်

ပုံအညွှန်း-BPLA၏ မူဝါဒစာတမ်းထုတ်ပြန်နိုင်ခြင်းအထိမ်းအမှတ် အားကစားပြိုင်ပွဲ ပြုလုပ်နေပုံ။(ဓာတ်ပုံ- BPLA)

ပုံအညွှန်း-BPLA၏ မူဝါဒစာတမ်းထုတ်ပြန်နိုင်ခြင်းအထိမ်းအမှတ် အားကစားပြိုင်ပွဲ ပြုလုပ်နေပုံ။(ဓာတ်ပုံ- BPLA)

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ မူဝါဒရပ်တည်ချက်စာတမ်း(Position Paper) ထုတ်ပြန်နိုင်ခဲ့ပြီး အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မူဝါဒစာတမ်းတွင် BPLA၏ နိုင်ငံရေးနှင့်စစ်ရေးမူဝါဒရပ်တည်ချက်များပါဝင်သည့်အတွက် အရေးကြီးကြောင်း BPLAကဆိုသည်။

“ကျနော်တို့ BPLAတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတာဝန်တွေ ဆောင်ရွက်တဲ့အခါ ဖက်ဒရယ်ဒီမိုကရေစီ စံတန်ဖိုးတွေ၊ လူ့ရပိုင်ခွင့်၊ လူသားဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တာမျိုးတွေ၊ တော်လှန်ရေးကိုသွေဖယ်နိုင်တဲ့လုပ်ရပ်မျိုးတွေ မလုပ်နိုင်အောင် ဒီမူဝါဒရပ်တည်ချက်ကြေညာစာတမ်းက ထိန်းချုပ်ပေးနိုင်တဲ့အထိ အရေးကြီးပါတယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းလင်းက မဇ္ဈိမကိုပြောသည်။

စာတမ်းထဲတွင် BPLA၏ ရှေ့ဆက်မည့် နိုင်ငံရေး စစ်ရေးအရ လုပ်ဆောင်မည့်အရာများ၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အရပ်သားအစိုးရထံတွင် လက်နက်ပြန်အပ်ရေး၊ အရပ်သားဩဇာ ခံယူသည့်ပြည်ထောင်စုတပ် ပေါ်ထွန်းရေး စသည့်ကဏ္ဍများကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါရပ်တည်ချက်စာတမ်းကို BPLA Website နှင့် Telegram Channel တို့တွင် လေ့လာနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

BPLAကို အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဧပြီလ ၁၇ရက်နေ့က စတင်ဖွဲ့ခဲ့ခြင်းဖြစ်ပြီး သုံးနှစ်နီးပါးအကြာတွင် မူဝါဒစာတမ်း(Position Paper)ကို ပြည်သူလူထုထံ ချပြခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် BPLAသည် တောင်ပိုင်းတိုင်းနှင့်ရှမ်းမြောက်ပိုင်းရှိ တိုက်ပွဲများတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေပြီး အောင်ပွဲများစွာ ရရှိနေကြောင်း BPLAက ကြေညာထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)