နိုင်ကျဉ်း ၂ ဦးကို ‌စစ်ကောင်စီက ထောင်ပြင်ခေါ်ထုတ်ပြီး ညှင်းသတ်ခဲ့ကြောင်း DPPN ထုတ်ပြန်

ပုံအညွှန်း- သတ်ဖြတ်ခံခဲ့ရသော ထားဝယ်နိုင်ငံရေး အကျဉ်းသား နှစ်ဦးပုံ (Photos- DPPN)

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ နှစ်ရှည်ထောင် ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်ထဲမှ ခေါ်ထုတ်ပြီး ညှင်းသတ်ခဲ့ကြောင်း DPPN က ယနေ့ (ဧပြီလ ၃ ရက်) တွင် ထုတ်ပြန်သည်။

စစ်ဆေးနေချိန် ထွက်ပြေး၍ ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း တင်ပြလာသည်ဟု ထောင်အာဏာပိုင်ဘက်က ပြန်ပြောကြောင်း နိုင်ငံရေးအကျဉ်းသားများ သတင်းကို စောင့်ကြည့်နေသည့် ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် ခေါင်းစွပ် အနက်ရောင်စွပ်ပေးပြီး ထောင်ပြင်သို့ ခေါ်ထုတ်ကာ ညှင်းသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း DPPN ထံမှ သိရသည်။

ထားဝယ်အကျဥ်းထောင်ကို မတ်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်သား၊ ရဲနှင့် စရဖများက အထူးစစ်ဆေး‌ရေး ဝင်ရောက်စစ်ဆေး ခဲ့သည်။

ယင်းနောက် ဖုန်းတချို့စစ်ဆေးတွေ့ရှိသည်ဟုဆိုကာ အကျဥ်းသား ၂၀ ကျော်ကို ရိုက်နှက်စစ်ဆေးခဲ့ရာ နိုင်ငံရေးအကျဥ်းသားအချို့ ဒဏ်ရာအပြင်းရရှိသွားသကဲ့သို့ တိုက်ပိတ်ခံခဲ့ရသူများလည်းရှိခဲ့သည်။

ထားဝယ်ဇာတိဖြစ်သော ကိုမင်းသူနှင့် ကိုဝင်းသီဟတို့နှစ်ဦးသည် ဖုန်းမှတဆင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် ထောင်ပြင် ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း DPPN က ထုတ်ပြန်သည်။

မိသားစုဝင်များထံလည်း အလောင်းပြန်မပေးဘဲ သက်သေဖျောက်ဖျက်လိုက်ကြကြောင်း ဆိုသည်။

ယခင်စစ်အာဏာရှင်လက်ထက်၂၀၀၄ ခုနှစ်တွင် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးသွားသူ နှစ်ဦးအနက် ကိုမင်းသူ (အသက် ၂၅ ) နှစ်သည် ကျန်းမာရေးမကောင်း၍ ထောင်တွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု ယူထားရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှာ ဟိုတယ်တခု၌ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုပုဒ်မဖြင့် ထောင် ၁၀ နှစ်ချမှတ်ခံထားရသူ ဖြစ်သည်။

နောက်တဦးဖြစ်သည့် ကိုဝင်းသီဟသည်လည်း အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရသူဖြစ်ကြောင်း ထားဝယ်ခရိုင်နိုင်ငံရေးအကျဥ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသူ နိုင်ငံရေး အကျဉ်းသား ၄၀၀ ဝန်းကျင်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုဝင်ငံတဝှမ်းမှာ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၅,၀၀၀ ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်