စိန်နန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရသူထဲမှ အမျိုးသမီးထပ်မံသေဆုံး၊ သေဆုံးသူ ၆ ဦးထိရှိလာ

ပုံအညွှ့န်း -လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဉ်။

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ၊ စိန်နန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဖန်နဝါရီလ ၄ ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ်တဦး အပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖအဖွဲ့ထံမှ သိရသည်။

“တိုက်ပွဲဖြစ်ပွားတာမျိုး လည်းမရှိဘဲ လာပြီးပစ်သွားတာ ကျောင်းနားကနေအိမ် ငါးလုံးလည်း ပျက်စီးသွားတယ်” ဟု ပြောသည်။

ဂျက်ဖိုက်တာလေယာဉ်ဖြင့် စိန်နန်းကျေးရွာ အထက်တန်းကျောင်းအနီးတဝိုက် ကို ပေါင် ၂၀၀ ဗုံးသီးနှစ်လုံး ကြဲချပြီးနောက် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်တဦးနှင့် အမျိုးသမီး လေးဦး သေဆုံးခဲ့ပြီးနောက် ဒဏ်ရာရရှိသူများထဲမှ အမျိုးသမီတဦး ထပ်မံသေဆုံးသွားခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောသည်။

“ဒဏ်ရာရသူ ၁၂ ယောက်ရှိတဲ့အထဲက တယောက် ဒီနေ့မှာဆုံးသွားတယ် “ ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွား သူ ၁၂ ဦးအနက် တဦးသေဆုံးသွားခြင်းဖြစ်ပြီး နောက်ထပ် နှစ်ဦးမှာလည်း စိုးရိမ်နေရသည့် အခြေအနေဖြစ်ကြောင်း တန့်ဆည် ပကဖ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စိန်နန်းကျေးရွာရှိ ဒေသခံတချို့ ကျေးရွာအတွင်း၌ နေထိုင်ခြင်းမရှိတော့ဘဲ ပြောင်းရွှေ့နေထိုင်မှုများလည်းရှိကြောင်း ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း တန့်ဆည်မြို့နယ် ရွာရှည်(မြောက်) ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်းဆောင်တချို့ ပျက်စီးခဲ့‌သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ