စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ပုံအညွှန်း - စမ်းချောင်းမြို့နယ်အတွင်း စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ-အဟောင်း)

ပုံအညွှန်း – စမ်းချောင်းမြို့နယ်အတွင်း စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ-အဟောင်း)

ရောင်နီ

(မဇ္စျိမ)။ ။ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊ ဗားကရာလမ်းပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၆ရက် နံနက်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားရဲဘော်တဦးက မဇ္စျိမကိုပြောသည်။

“ဒီနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှာ ဗားကရာလမ်းပေါ်က စမ်းချောင်းအုပ်ကြီးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်တာပါ၊ အထိအခိုက်ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်သွင်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်းနှင့် တိုက်ခိုက်ခဲ့သည့် ပြောက်ကျားရဲဘော်များကို ပိတ်ဆို့ဖမ်းဆီးရန် လုပ်ဆောင်ခြင်းများ ရှိခဲ့သော်လည်း ရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပျောက်ကျားရဲဘော် တဦးက ပြောသည်။

“မနက်က အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှု ဖြစ်ပြီးတော့ လမ်းပိတ်ပြီး စစ်တာတွေ ဘာတွေ ရှိခဲ့တယ်။ အခုလည်း ဗားကရာလမ်းတလျောက် ကားတွေနဲ့ ကင်းလှည့်နေတယ်” ဟုလည်း စမ်းချောင်းမြို့နယ် ဒေသခံတဦးက ဆိုသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ထိခိုက်ပျက်စီးမှုများအား အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)