ဘီးလင်း အလူးလေးတွင် တိုက်ပွဲဖြစ်

YT

(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် စစ်ကောင်စီကင်းပုန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားရ, နှစ်ဖက်အထိအခိုက် ရှိကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အထပ်သားပြားစက်ရုံအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်ထံက သိရသည်။

တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်ရဲဘော်ကဆိုသည်။

” ကျိုက်တဲမုဒ်ဝ မျက်နှာချင်းဆိုင်နားမှာ ဖြစ်တာပါ။ အမှန်က ကားတန်းကို သွားပစ်တာ။ ကင်းပုန်းနဲ့တိုးတော့ ကင်းပုန်းကိုပဲ ပစ်ခဲ့တာ။ ၁၀ မိနစ်လောက်ပဲ ကြာတယ် ပစ်တာက။ ရန်သူ့ဘက်က အတိအကျတော့ ထိတာ တယောက်ပဲ ကြားတယ်။ ခမရ (၃) က တပ်ကြပ်။ ဒီဘက်က တယောက် လက်မောင်းကိုထိတယ်” ဟု မြေပြင်ရဲဘော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် တပ်ကြပ်တဦး ထိခိုက်ဒဏ်ရာရထားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်တဦး လက်မောင်းကျည်ထိမှန်ဒဏ်ရာရထားကြောင်း ရဲဘော်​၏ ပြောဆိုချက်အရ သိရသော်လည်း အခြေအနေ အသေးစိတ်အား ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ​၏ ရမ်းသန်းပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ အထပ်သားပြားစက်ရုံမှ အလုပ်သမား လင်မယားနှစ်ဦး ဒဏ်ရာရခဲ့ကာ ဘီးလင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

” စစ်တပ်ဘက်က ပစ်လို့ မနေ့ကမှ အထပ်သားပြားစက်ရုံမှာ အလုပ်လုပ်ဖို့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်ကို ထိသွားတယ်။ မိန်းကလေးက ခေါင်းကို ရှပ်ထိသွားတယ်။ ယောကျ်ားလေးက လက်ကိုထိတာ။ အခြေအနေတော့ မသိရသေးဘူး” ဟု အဆိုပါရဲဘော်က ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကားနှစ်စီးဖြင့် အလူးလေးကျေးရွာသို့ စစ်အင်အား ထပ်မံဖြည့်တင်းထားပြီး အလူးလေးကျေးရွာကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်းလည်း ဒေသခံထံက သိရသည်။

ဘီးလင်းမြို့နယ်အတွင်း အထိုင်ချနေသည့် တစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းများ၊ ကင်းပုန်းများသည် တော်လှန်ရေးအင်အားစုများ​၏ ဒရုန်းဖြင့်သာမက မြေပြင်မှ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး အထိအခိုက်၊ အသေအဆုံးများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး