ဘရာဇီးလ် ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကမ္ဘာ့ဖလား (၄)ကြိမ်ဆွတ်ခူးခဲ့တဲ့ မာရီယို ဇာဂါလို အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်

(File photo: EPA)

By PKThawn

ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကမ္ဘာ့ဖလား လေးကြိမ်ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ် ဂန္တဝင် ကစားသမား မာရီယို ဇာဂါလိုဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

တောင်ပံကစားသမား ဇာဂါလိုဟာ ၁၉၅၈ နဲ့ ၁၉၆၂ တို့မှာ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

ပီလီ၊ ဂျိုင်ယာဇင်ဟိုနဲ့ ကားလို့စ် အယ်လ်ဘာတိုတို့အပါအဝင် ထာဝရ အကြီးကျယ်ဆုံး နိုင်ငံလက်ရွေးစင်အသင်းအဖြစ် တွင်ကျယ်စွာ သတ်မှတ်ခံထားရတဲ့ အသင်းကို ၁၉၇၀ ပြည့်နှစ်မှာ ကိုင်တွယ်ခဲ့ပါတယ်။

ဇာဂါလိုရဲ့ နောက်ဆုံးကမ္ဘာ့ဖလားအောင်ပွဲဟာ ၁၉၉၄ မှာ ကားလို့စ် အယ်လ်ဘာတို ပါရဲရားလက်ထောက်နည်းပြအဖြစ်နဲ့ဖြစ်လာခဲ့တာပါ။

ပြိုင်ပွဲအပြီးမှာ သူဟာ ဘရာဇီးလ်အသင်းနည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး အိမ်ရှင်ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ၁၉၉၈ ရဲ့ ဖိုင်နယ်သို့ ပို့ဆောင်ခဲ့ပါတယ်။

ဇာဂါလိုဟာ ကစားသမားတဦးအဖြစ်နဲ့ရော မန်နေဂျာတဦးအဖြစ်နဲ့ပါ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဂျာမနီမှ ဖရန့် ဘက်ကင်ဘောင်ဝါနဲ့ ပြင်သစ်မှ ဒီဒီယာ ဒက်စ်ချမ့်တို့က နောက်ပိုင်းမှာမှ လိုက်မီလာတဲ့ စွမ်းဆောင်မှုတခုဖြစ်ပါတယ်။

ဇာဂါလိုကွယ်လွန်မှုနဲ့အတူ ၁၉၅၈ ဖိုင်နယ်မှာ ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းသားမည်သူမှ အသက်ရှင်ကျန်ရစ်ခြင်းမရှိတော့ပါဘူး။