တနင်္သာရီတိုင်းတွင် စစ်မူထမ်းရမည့် လူငယ်များကို စာရင်းစကောက်

ပုံအညွှန်း- စစ်သင်တန်းပေးနေမှုမြင်ကွင်း

ပုံအညွှန်း- စစ်သင်တန်းပေးနေမှုမြင်ကွင်း

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် ရက်ပိုင်း အတွင်းတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်မူထမ်းရန် စာရင်းစတင် ကောက်ယူနေပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ရပ်ကွက်နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပါဝင်သော အဖွဲ့သည့် မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် ယမန်နေ့ မတ်လ ၁၄ ရက်နေ့မှ စတင်ကာ စစ်မှုထမ်းရမည့် လူငယ်များကို ကောက်ယူနေခြင်း ဖြစ်သည်။

“စာရင်း စကောက်ခိုင်းတာက မနေ့ ၁၄ ရက်နေ့ကပါ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ် အထိ အမျိုးသားတွေပါ၊ အဲ့ဒီထဲကမှ မဲနှိုက်ခိုင်းပြီး ပေါက်သူ နှစ်ဦး ခေါ်မယ်လို့တော့ သိထားရတယ်” ဟု မြိတ်မြို့က စစ်ကောာင်စီနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ စာရင်ကောက်ယူမှုနှင့် ပတ်သက်ပြီး စစ်မှုထမ်းရန် မဲပေါက် ရွေးချယ်ခံရသူများကို လစာအနေဖြင့် ကျပ်ငွေ၂၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရမည်ဟုဆိုကာ မက်လုံးပေး စည်းရုံးကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

“ထားဝယ်ဖက်မှာတော့ မြို့ပေါ်မှာ မကြားရသေးဘူး၊ ဒါပေမယ့် ရွာတွေမှာတော့ ကောက်နေတယ်လို့ ကြားရတယ်၊ မိ/ဘတွေကတော့ စိတ်သောက ရောက်နေကြတယ်၊ မိသားစုလိုက် ရှောင်ရမလား သားသမီးတွေကို ထိုင်းဘက်ကို ထွက်ခိုင်းရမလား ဆိုတာမျိုးတွေပေါ့”ဟု ထားဝယ်မြို့ခံ အမျိုးသမီး တဦးက မဇ္ဈိမကို ပြောသည်။

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်လာပြီးနောက် လူငယ်နှင့် လူလတ်ပိုင်း အများစုသည် ကော့သောင်း-ရနောင်း ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံထဲသို့ အများပြား ထွက်ခွာမှုများ ရှိနေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်