ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းများလွတ်မြောက်ရေး ဆောင်ရွက်သွားမည်ဟု NLD ဆုံးဖြတ်

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလ တတိယအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း NLDပါတီ ဗဟိုအလုပ်ကော်မတီက ယနေ့တွင် ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ အချိန်ကာလအားဖြင့် သုံးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အမှုပေါင်းများစွာဖြင့်လည်း တရားစွဲဆိုခံထားရသည်။

ထိုသို့ ဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်အတွက်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

“ဖြစ်နိုင်သမျှ နည်းလမ်းဆိုတာမှာ စကစ ရှင်သန်ရပ်တည်နေမှု ရပ်တန့်သွား၊ ပြိုကျသွားအောင် နိုင်ငံရေးပါတီတရပ်အနေနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ နိုင်ငံရေးနည်းလမ်း၊ သံတမာန်ရေးနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ခဲ့တာကို ပြောတာပါ၊၊ နောင်လည်း ဆက်လုပ်မယ်၊ ကြိုးစားအားထုတ်မှုတွေ လုံးဝမလျှော့ဘူးလို့ ဆိုလိုတာပါ၊ နည်းလမ်းတခုချင်းအနေနဲ့ ပြောလို့မဖြစ်နိုင်ပါဘူး”ဟု NLD ဗဟို အလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် အကျဉ်းထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသား သောင်းနှင့်ချီ ရှိလာပြီး လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများလည်း နေ့စဉ်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLDပါတီ၏ ကြားကာလ အစည်းအဝေးကို ယနေ့ ဇန်နဝါရီလ ၆ရက်တွင် Zoom အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့ကြပြီး ဗဟိုသဘာပတိအဖွဲ့ဝင် တဦး၊ ဗဟိုကော်မတီဝင် ၄၀ ဦး ၊ အရံဗဟိုကော်မတီဝင် ၁၃ ဦး၊ တိုင်းနှင့်ပြည်နယ်များမှ အလုပ်အမှုဆောင် ၂၃ ဦး ၊ ဗဟိုရေးရာကော်မတီများမှ ၁၇ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးပြီးနောက်တွင် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအပြင် တိုင်းရင်းသားများ၏ ပကတိအခြေအနေကို သုံးသပ်ပြီး ဆက်ဆံရေးတိုးမြှင့်ခြင်းဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် ထိရောက်သောလုပ်ငန်းစဥ်များ ချမှတ်ဆောင်ရွက်ရန်နှင့် နိုင်ငံရေး အင်အားစုများအကြား နားလည်မှုရှိရှိ စုစည်းညီညွတ်စွာဖြင့် ဘုံရန်သူကို အမြစ်ဖြတ်ရန်အတွက် လက်တွေ့ကျကျ ပေါင်းစပ်ညှိနှိုင်းနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်တို့ အပါအဝင် ဆုံးဖြတ်ချက် ရှစ်ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)