မော်လမြိုင်ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ဟုဆို

မော်လမြိုင်ရောက်ရှိနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

ရွှေနွယ်
မဇ္ဈိမ။ ။စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ယနေ့ (ဧပြီလ ၉ ရက်) နေ့လည် ၁နာရီ ၃၀ မိနစ်ခန့်က မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း ရောက်ရှိနေစဉ် ဒရုန်းဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့သည်ဟု Alpha Bats Drone Force က ထုတ်ပြန်သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်းရှိ အားကစားခန်းမနှင့် စစ်ရဟတ်ယာဥ် နှစ်စီး ရပ်ထားသောကွင်းနေရာတို့အား ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲမှ ကာမီကာဇေဒရုန်း ငါးစီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“နေ့ခင်း နှစ်နာရီလောက်က။ Alphaတို့ အတွင်းသတင်းအရတော့ ဒုဗိုလ်ချုပ်စိုးဝင်း ရှိတယ်။ စောချစ်သူပါရှိတယ်တဲ့။ ဓမ္မသဖက်ကိုလည်း သင်္ဘောရော Jet Helicopter Y12 ATR 42 အစုံပဲ မနေ့က မနက်တည်းကချတာ(စစ်ကောင်စီတပ်ဖွဲ့က) ခုထိပဲ” ဟု Alpha Bats Drone Force မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေများကို အသေးစိတ်မသိရသေးသော်လည်း မြို့တွင်းမြို့ပြင်နှင့် တပ်ဝန်း၏ အတွင်းအပြင်ကို ပိတ်ဆို့ထားကြောင်း Alpha Bats Drone Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ (ဧပြီလ ၈ ရက်) ညနေ ၅နာရီ ၃၀ မိနစ်ခန့်ကလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ရောက်ရှိနေစဉ် တိုက်ခိုက်ခဲ့သေးသည့်အတွက် နှစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ထို့အပြင် ရဟတ်ယာဉ် နှစ်စီးအနက် တစီးပျံတက်မရတော့သည်ကို သတင်းရရှိထားကြောင်းလည်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။ အဆိုပါတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီမှ တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနိုင်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းလည်း ရှာထူးဝေါ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ