မြစ်ကြီးနား – ဖားကန့်လမ်းပေါ် က မအူပင်ရေကာတာရွာကို စစ်ကောင်စီတပ် မီးရှီု့ဖျက်ဆီး

ဓာတ်ပုံ – မီးရှို့ဖျက်ဆီးခံထားရသော မအူပင်ရွာပုံ (ပေးပို့)

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဖားကန်လမ်းပေါ်က မအူပင်ရေကာတာရွာကို စစ်ကောင်စီတပ်က ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မီးရှို့ဖျက်ဆီးလိုက်၍ နေအိမ်အများစု မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနား – ဖားကန့်လမ်းပေါ် ကားမိုင်းအထက်မှာရှိသော မအူပင်ရေကာတာကျေးရွာအနီးမှာ KIA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်ကနေ လူနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးလိုက်ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ကထန်ယန်ကျေးရွာဘက်မှ ကားသုံးစီးဖြင့် ယနေ့ နံနက် ၁၀ နာရီကျော်တွင် မအူပင်ရေကာတာကျေးရွာအနီးရှိ KIA ကင်းစခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ယင်းကင်းစခန်းမှ KIA တပ်ဖွဲ့ဝင်များ ဌာနေတပ်ရင်းဘက် တပ်ဆုတ်သွားချိန်တွင် ကျေးရွာအတွင်းသို့ လက်နက်များ ပစ်ဖောက်ကာ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှီု့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

“KIA တပ်ဖွဲ့က မအူပင်မှာ ဂိတ်ထိုင်တာကြာပြီလေ။ ကားသမားတိုင်းသိပါတယ်။ စတိုက်တာတော့ KIAတွေ ရှိတဲ့ဂိတ်ကို ဟုတ်တယ်။ ရွာအနားမှာ တိုက်ပွဲဖြစ်လာတော့ ရွာသားတွေအကုန်လုံး ဒီအတိုင်းနေနေကြတာကို လက်နက်ကြီးနဲ့ သေနတ်တွေပစ်ပြီး ရွာထဲကို စစ်သားတွေဝင်လာကြတော့တာပဲ။ အဲ့မှာ အကုန်လုံးကြောက်ပြီး ပြေးလို့ရတဲ့နေရာဘက်ကို ပြေးပုန်းကြတော့တာပဲ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၂၀ အနက် ၁၂ လုံးမီးလောင်ကျွမ်းသွားသည်ဟု ဒေသခံက ပြောသည်။

ကာမိုင်းဗျူဟာကုန်းမှလည် ယနေ့နံနက် ၅ နာရီဝန်းကျင်မှ စတင်ကာ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားသည့် အချိန်အထိ မအူပင်ရေကာတာကျေးရွာဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ကားမိုင်းဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မအူပင်ရေကာတာကျေးရွာကို ဖျက်ဆီးအပြီး ပြန်လည်ဆုတ်ခွာချိန်မှာ ကျေးရွာအတွင်းမှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KB C) ဓမ္မဆရာ ဦးလဟီတူးလွမ်နှင့် ကျေးရွာဒေသခံ သုံးဦးကို ကာမိုင်းဗျုဟာကုန်ဘက်သို့ ဖမ်းဆီးခေါ်‌ဆောင် သွားကြောင်း သတင်းများထွက်ပေါ်နေပြီး အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မအူပင်ကျေးရွာရှိ နေအိမ်လေးလုံးနှင့် ကျေးရွာရှိ KBC ဘုရားကျောင်းဝင်းမှ စားဖိုဆောင် ပျက်စီးခဲ့သည်။