ရသေ့တောင်တွင် ကြက်သွန်နှင့်ငရုတ်သီးစိမ်း တပိဿာ ကျပ်၁၀၀,၀၀၀ ထိ စျေးတက်

ဓါတု

(မဇ္ဈိမ) ။ ။ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် လက်ကျန်ကုန်ပစ္စည်းများဖြစ်ကြသည့် ကြက်သွန်နီနှင့် ငရုတ်သီးစိမ်း တပိဿာလျှင် ကျပ် ၁၀၀,၀၀၀ အထိ စျေးနှုန်းမြင့်တက်လာကြောင်း ဒေသခံများထံက သိရသည်။

ယင်းဒေသတွင် စစ်ကောင်စီက ပိတ်ဆို့ထားသော ရက်သတ္တပတ် ရှစ်ပတ်တာကာလအတွင်း ကုန်စည်ဈေးနှုန်းများ ၁၀ ဆ ကျော်အထိ မြင့်တက်သွားခြင်းဖြစ်ကြောင်း ရသေ့တောင်ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

“ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းက ရသေ့တောင်မြို့ရော၊ရွာတွေဘက်ရော ၈၀,၀၀၀လည်းရှိသလို ၁၀၀,၀၀၀အထိ ဖြစ်သွားတဲ့နေရာတွေလည်း ရှိတယ်။ အခုစျေးတက်တာတွေက ကုန်ပစ္စည်းပြတ်လပ်မှု ရှိလာလို့ လက်ကျန်ကုန်တွေ စျေးထိုးတက်တာပါ။ဆန်တမျိုးပဲ ဒီမြို့ကထွက်တဲ့အတွက် ပြတ်သွားတာမရှိပါဘူး”ဟု ၎င်းကပြောသည်။

ထို့အပြင် ယင်းဒေသတွင် ဓါတ်ဆီ( 92 အောက်တိန်း) တလီတာလျှင် ၃၀,၀၀၀ ကျပ်၊ ကွမ်းသီး တပိဿာလျှင် ကျပ် ၇,၀၀၀၀ အထိ မြင့်တက်နေပြီး ဓါတ်ဆီ၊ဒီဇယ်ဆီများကိုမူ လောင်စာဆီပွဲစားများမှတဆင့် မှောင်ခိုစျေးကွက်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများက ဆိုသည်။

ရသေ့တောင်နှင့် စစ်တွေလမ်းကြောင်းများအား စစ်ကောင်စီက ပိတ်ဆို့ထားသောကြောင့် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားသဖြင့် ရသေ့တောင်တွင် ယခုရက်ပိုင်းအတွင်း လက်ကျန်ကုန်ပစ္စည်းများအနက် မုန့်ခြောက်၊ ဆား၊ စားဆီများ ပြတ်တောက်သွားရာ ကျန်အခြေခံစားသောက်ကုန်များလည်း အချိန်မရွေးပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ထို့အပြင် ရသေ့တောင်မြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်း MYTEL,MPT,ATOM အော်ပရေတာလိုင်းများ မကြာခဏ ဖြတ်တောက်ခံရခြင်းများ ကြုံနေရကြောင်း ဒေသခံတဦးက ဆိုသည်။

“အကြောင်းရင်းသေချာမသိပေမယ့် အလုပ်မလုပ်တဲ့တာဝါတိုင်တွေလည်း ရှိတယ်။သေချာတာကတော့လိုင်းတွေ ဖြတ်တောက်ထားတယ်၊တညလုံးဖုန်းဆက်လို့မရဘူး။ မနက် ၁၁ နာရီမှရတယ်။ ဟိုတလောက ငါးရက်လောက်ဆက်တိုက် ဖြတ်ခံရတယ်၊ပုံမှန်မရှိဘူး ပြတ်ချင်တဲ့အချိန်ပြတ်တယ်။အင်တာနက်လိုင်းဆို ပိုဆိုးပေါ့”ဟု ၎င်းက ပြောသည်။

စစ်တွေလမ်းကြောင်းမှ ကုန်စည်စီးဆင်းမှုလမ်းကြောင်းဖြစ်သည့် ရသေ့တောင် အပါအဝင် ဘူးသီးတောင်၊ မောင်တောတွင်လည်း ကုန်စျေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်မြို့၊ မောင်တောမြို့နှင့် ကျောက်ဖြူမြို့တို့တွင် အခြားမြို့များထက် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေသည့်အပြင် လက်ကျန်ကုန်ပစ္စည်းများပါ မကြာမှီ ပြတ်တောက်တော့မည့် အနေအထား ဖြစ်နေခြင်းကြောင့် အခြေခံလူတန်းစားများ အငတ်ဘေးကြုံလာရသည်အထိ အဆိုးဆုံးအခြေအနေ ဖြစ်နေကြောင်း သိရသည်။

“တခြားမြို့တွေက လယ်ထွက်သီးနှံတို့ ကြက်၊ဝက်၊ငါး၊ပုစွန်တွေ ရှာစားလို့ရသေး။ရခိုင်ဘက်လမ်း ကြောင်းကို စစ်ကောင်စီက ဆက်ပိတ်ထားမယ်ဆိုရင် အဲ့ဒီ ကျောက်ဖြူတို့ ရသေ့တောင်မြို့တွေမှာလက်ကျန်တွေပြတ်ရင် မလွယ်ဘူး။ ကျွန်တော်သိထားသလောက် အခုတောင် ဆန်ကွဲကို လုဝယ်တာတွေပါ ရှိလာပြီ။ ဆင်းရဲသားတွေဆို ငတ်ကုန်ကြပြီ။တခြားအစားအစာမပြောနဲ့ ထမင်းတနပ်တောင်အနိုင်နိုင်ဖြစ်နေပြီ”ဟု ရခိုင်ပြည်နယ်တွင်း တက်ကြွလှုပ်ရှားသူတဦးက သုံးသပ်ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် တကျော့ပြန်တိုက်ပွဲများ မတိုင်မီ ရခိုင်ပြည်နယ်တွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူမှာ တပိဿာလျှင် ၄,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တပိဿာလျှင် ၅,၀၀၀ ကျပ်၊ကြက်ဥတလုံးလျှင် ကျပ် ၂၅၀ သာ ရှိခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ကုန်စည်လမ်းကြောင်း ပင်မဖြစ်သည့် ရန်ကုန်မြို့ဘက်မှ ကုန်းလမ်း၊ ရေလမ်း လမ်းကြောင်းများကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့ ဇန်နဝါရီလ ၆ ရက်အထိ ပိတ်ဆို့ထားဆဲဖြစ်သည်။

တမြို့နှင့်တမြို့ အဝင်အထွက်လမ်းကြောင်းများအပြင် မြို့နှင့်ရွာထိစပ်သည့် လမ်းကြောင်းများကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့ထားမှုကြောင့် စားသောက်ကုန်များ ပြတ်လပ်သွားခြင်းဖြစ်ပြီး စျေးနှုန်းအဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)မှ စတင်ထိုးစစ်ဆင်သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ရသေ့ တောင်၊ မြောက်ဦးမြို့နယ်တို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်ခဲ့ပြီး ယင်းရက်ပိုင်းမှစ၍ စစ်ကောင်စီသည် လမ်းပန်းဆက်သွယ်ရေးအား လေကြောင်းမှလွဲ၍ အဖက်ဖက်မှ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ်အနှံ့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်း။ ။ နောင်နောင်