သဉ္ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ လွတ်ငြိမ်းမရ သေးပါ

JC

(မဇ္ဈိမ) ။ ။ ဇန်နဝါရီနေ့ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီလွတ်ငြိမ်းပေးတဲ့ အကျဉ်းသား ၉၆၀၀ ကျော်ထဲမှာ နာမည်ကြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံ တို့ပါဝင်လာ တယ်လို့ ကောလဟလ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းဌာနတချို့မှာလည်း နန်းမွေစံနဲ့ သဥ္ဇာဝင့်ကျော် တို့ လွတ်မြောက်လာပြီလို့ ဖော်ပြခဲ့တာတွေ ရှိနေပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်မှာလည်း ပျံ့နှံ့နေခဲ့ပါတယ်။

မဇ္ဈိမကနေ အကျဉ်းချခံထားရတဲ့ သရုပ်ဆောင် သဥ္ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံ တို့ လွတ်မြောက်ခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး နီးစပ်သူတွေနဲ့ သက်ဆိုင်ရာ ဆွေမျိုးအသိုင်းအဝိုင်းကို မေးမြန်းခဲ့ပါတယ်။

သဥ္ဇာဝင့်ကျော်နဲ့ နီးစပ်သူ တဦးကို မေးမြန်းခဲ့ရာမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ လွှတ်ပေးတဲ့ထဲမှာ ပါဝင်လွတ်မြောက်လာခြင်း မရှိသလို ပျံ့နေတဲ့ ကောလဟလတွေကလည်း သတင်းမှားသာဖြစ်တယ် ပြောပါတယ်။

မော်ဒန် နန်းမွေစံနဲ့ အမျိုးတော်စပ်သူ တဦးကိုလည်း ဇန်နဝါရီ ၅ ရက် ညနေပိုင်းမှာ မဇ္ဈိမက မေးမြန်းအတည်ပြုခဲ့ပါတယ်။
“နန်းမွေစံလည်း လွတ်မလာဘူး၊ သဥ္ဇာလည်း လွတ်မလာဘူး။ အောင်လ လည်း လွတ်မယ် သတင်းထွက်တော့ စုံစမ်းကြည့်တာ ဘယ်သူမှ လွတ်မလာဘူး” လို့ နန်းမွေစံရဲ့ ဆွေမျိုးနီးစပ်သူတဦးက အတည်ပြုပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ဟာ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သဥ္ဇာဝင့်ကျော်ကိုတော့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) နဲ့ အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပြီး မော်ဒယ်လ် နန်းမွေစံကိုတော့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ်နဲ့ နိုင်ငံတဝှမ်းကအကျဉ်းသူ အကျဉ်းသား ၉၆၀၀ ကျော်ကို လွှတ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီလွှတ်ပေးတဲ့အထဲမှာ နာမည်ကြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေစံတို့ ပါဝင် လွတ်မြောက်လာတယ်ဆိုတာ သတင်းမှားပါရှင်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း ။။ NN