လောက်ကိုင်မြို့က စကစတပ်ဖွဲ့ဝင် ၂ ထောင်ကျော် လက်နက်ချ၊ ဗိုလ်မှူးချုပ် ၆ ဦးပါဝင်

ရွှေနွယ်

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် မြောက်ပိုင်းညီနောင်သုံးဖွဲ့ထံ လက်နက်ချခဲ့ပြီး ယင်းအနက် ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦးပါဝင်သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

လောက်ကိုင်မြို့ ကိုးကန့်ဒေသတွင် စစ်ကောင်စီ အုပ်ချုပ်မှု ကင်းစင်သွားပြီဖြစ်သည်ဟုလည်း
၁၀၂၇ စစ်ဆင်ရေး၏ ၇၁ ရက်မြောက် တိုက်ပွဲသတင်းများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင် ဒကစ သို့ စစ်ကူပေးရန် မြန်မာနိုင်ငံအနှံ့မှ ရောက်ရှိနေကြသော တပ်မ၊တပ်ရင်းမျိုးစုံမှ စစ်ကောင်စီတပ်သားများ တဦးမကျန် လက်နက်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်၏ ထုတ်ပြန်ထားချက်အရ လောက်ကိုင်ဒကစမှလက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် အရာရှိ ၂၂၈ ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦးနှင့် ရဲဘော်မှ အခြားအဆင့်ရှိသူ ၁,၈၉၅ ဦး ပါဝင်ကြောင်း သိရှိရသည်။

ထို့အတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း ၁,၆၀၁ ဦး လည်း ပါဝင်ခဲ့သည်။ ၎င်းတို့အားလုံးကို
သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားခဲ့ပြီလည်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ပြောထားသည်။


“သူတို့ရဲ့ဆန္ဒအတိုင်းအိမ်ပြန်လမ်းခရီးစဉ်လေးကို စီစဉ်ဆောင်ရွက်ပေးလိုက်ပါတယ်၊ အုပ်ချုပ်ရေးပိုင်းတော့စတင်တော့မှာပါ၊ အခုကတော့ ရှင်းလင်းရေးကို အရင်လုပ်ဆောင်နေပါတယ်”
ဟု MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခ) ကိုကျော်နိုင်က မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လောက်ကိုင်မြို့ရှိ ပွိုင့် (၂၀၂၂) စစ်ကောင်စီစခန်းမှ တပ်ဖွဲ့ဝင် ၂၆၆ ဦးသည်လည်း နောက်ဆုံးအသုတ်အဖြစ် MNDAA ထံ လက်နက်ချခဲ့သည်။

“ကိုးကန့် (လောက်ကိုင်)တခွင်လုံးသည် စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ ဖြစ်ခဲ့ပြီ ဖြစ်သည်၊ ဤမြင်ကွင်းမှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်” ဟု ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ချအလင်းဝင်လို၍ ပြည်သူ့ရင်ခွင်ခိုလှုံလိုသော မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရပ်မှမဆို အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ကဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့က လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားသံ လုံးဝမကြားရတော့ကြောင်း လောက်ကိုင်မြို့ နယ်စပ်စစ်ရှောင်စခန်းတွင် ရောက်ရှိနေသည့် ဒေသခံတဦးကလည်း မဇ္ဈိမကိုပြောသည်။ သို့သော် ညပိုင်းတွင်မူ လေကြောင်းမှ ရဟတ်ယာဉ် ဝဲပျံနေသံ ကြားရပြီး ဗုံးသံအချို့ကြားရကြောင်း ၎င်းကဆိုသည်။

“ဝဲနေတာ၊ ခုလေးတင် နှစ်လုံးကြားရတယ်၊ တနေကုန်ငြိမ် ခုတော့လေယာဉ်နဲ့ ဗုံးလာကြဲနေပြီ” ဟု လောက်ကိုင်ဒေသခံက ဇန်နဝါရီလ ၅ ရက်ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မဇ္ဈိမကို ပြောသည်။

“စစ်ကောင်စီအနေဖြင့် မရိုးနိုင်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေခဲ့သည်” ဟု ညီနောင်မဟာမိတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လောက်ကိုင်မြို့သည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ယမန်နေ့က လောက်ကိုင် ဒကစတွင် MNDAA အလံ လွှင့်ထူထားသည်ကိုလည်း မြင်တွေ့ရသည်။

စစ်ကောင်စီ၏ သတင်းများကို ဖော်ပြနေသည့် တယ်လီဂရမ်ချန်နယ်များတွင်မှု “လောက်ကိုင်မြို့မှာ တပ်မတော်ရဲ့ နောက်ဆုံးနေ့ရက်များ (သို့မဟုတ်) အချုပ်အခြာအာဏာ ဆုံးရှုံးမှု” ဟု ဖော်ပြရေးသားနေကြသည်။

စစ်ပွဲအပြီး ကိုးကန့်ဒေသ ပြန်လည်ကောင်းမွန်လာစေရန်အတွက် “အထူးဒေသ (၁) အခြေခံဥပဒေ” ကိုအခြေခံ၍ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူလူထုနှင့်တကွ ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ (၁) တခုကို တည်ဆောက်ပေးရန် ကတိပြုကြောင်းကိုလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင်က ၎င်း၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာတွင် ပြောကြားထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်း။ ။ နောင်နောင်