သိန္နီမြို့ကို စစ်ကောင်စီကပြန်လည်ရရှိပြီဆိုတဲ့ သတင်းအမှား

ZZ

(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းထဲက ညီနောင်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရရှိပြီလို့ စစ်ကောင်စီ ထောက်ခံသူတွေက သတင်းအဖြစ် ဝေဝေဆဆာ ဖော်ပြနေကြပါတယ်။

ကျော်စွာချန်နယ်ကနေ ၉ရက်နေ့မှာ “၉-၁-၂၀၂၄ ရက်နေ့ နံနက် ၁၁၄၅ နာရီချိန် တပ်မတော်က သိန္နီ စကခ ၁၆ ဌာနချုပ်နှင့် သိန္နီမြို ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ ပါသည်။” လို့ရေးသား ဖြန့်ဝေထားပါတယ်။ ဒီသတင်းကိုပဲ တခြား တယ်လီဂရမ် ချန်နယ် နဲ့ ဂရု ၁၆ ခုမှာ ပျံ့နှံ့နေပြီး ကြည့်ရှုသူ တသိန်းကျော် ရှိနေပါတယ်။
အလားတူပဲ “Turth Media” နဲ့ “Snow Queen” ချန်နယ်မှာလည်း စစ်ကောင်စီတပ်က သိန္ဒိပြန်လည် သိမ်းနိုင်တယ်လို့ ဖြန့်ဝေနေတာတွေရှိနေပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီ ၅၃ မိနစ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ PLA နဲ့အတူ KNDF နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ သိန္နီ စကခ ၁၆ ဌာနချုပ်နဲ့ သိန္နမြို့ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် တလျှောက်ကို သတင်းထုတ်ပြန်ထားပါတယ်။ ၇ ရက်နေ့မှာ စကခ ၁၆ ဧရိယာ တခုလုံးကို တခုမကျန် အောင်မြင်စွာသိမ်းပိုက် နိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။
လင့် – https://shorturl.at/ghnT8

အဲ့ဒီနောက် နံနက် ၁၁နာရီ ၄၅မိနစ်မှာ တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိတယ်ဆိုပြီး စစ်တပ်ထောက်ခံတဲ့ လော်ဘီ ချန်နယ်တွေက တညီတညွတ်တည်း ဖြန့်ဝေခဲ့ကြတာပါ။
ဒါနဲ့ပတ်သက်ပြီး PLA မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ယနေ့အချိန်ထိ သိန္နီမြို့နဲ့ စကခ ၁၆ ဌာနချုပ်ကို ပူးပေါင်းတပ်တွေကထိန်းချုပ်ထားဆဲဖြစ်တယ်လို့ စာနဲ့ ပြန်လည်ဖြေဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က PLA ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “1027 စစ်ဆင်ရေးအတွင်း သိန္နီမြို့- စကခ(၁၆) အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူရဲရင့်ပြောင်မြောက်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သော PLA -ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရဲဘော်များ၏ မှတ်တမ်းဓါတ်ပုံများ (အပိုင်း ၁) ဆိုပြီး ဖြန့်ဝေထားတာကိုလဲတွေ့ရပါတယ်။
လင့်- https://shorturl.at/rEIMO

ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက သိန္နီမြို့နဲ့ စကခ ၁၆ ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်နိုင်တာ မဟုတ်ကြောင်း တွေ့ရပါတယ်။

ဒါ့ကြောင့် သိန္နီမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ရရှိပြီဆိုတဲ့ သတင်းတွေဟာ စစ်ကောင်စီကို ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက သတင်းအမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ ဝါဒဖြန့် သတင်းအမှားသာ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း ။ ။ NN