မြေပုံမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံသေဆုံး၊ ကလေးငယ် ဒဏ်ရာအပြင်းအထန်ရ

သေဆုံးသူ ဦးတင်ငွေ၏ ရုပ်အလောင်း /ဓာတ်ပုံ – CJ

ဓါတု

(မဇ္ဈိမ) ။ ။ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာ၌ ယနေ့ ဇန်နဝါရီလ ၁၂ရက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား တဦးသေဆုံး၍ ကလေးတဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

အမ်းမြို့နယ် ၊ ကဇူးကိုင်းကျေးရွာရှိ တောဟိန်းတောင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ဗျူဟာကုန်းမှ လှမ်းပစ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ဝန်းကျင်အရွယ် ဦးတင်ငွေဆိုသူ သေဆုံးသွားကြောင်း သိရသည်။

“မျက်နှာနဲ့ ဦးခေါင်းပျက်စီးသွားပြီး သေဆုံးသွားခဲ့တယ်။ သူ့(ဦးတင်ငွေ)ရဲ့ ကလေးကတော့ သေမလားရှင်မလား မသိရသေးဘူး။ ကလေးက ဒဏ်ရာတော်တော်ပြင်းထန်နေတော့။ တိုက်ပွဲမရှိဘဲ လူနေကျေးရွာတွေကို ပစ်ခတ်နေတာပါ”ဟုဒေသခံတဦးက မဇ္စျိမကိုပြောသည်။

တောဟိန်းတောင်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့သည် မြေပုံမြို့နယ်အတွင်းရှိ သရက်တောင်ကျေးရွာ အပါအဝင် ကမ်းထောင်းကြီးမြို့နှင့် အမ်းမြို့ရှိ ဆင်ဦးတိုက် ၊ သဲကမ်းထောင်း ကျေးရွာများ နှင့် ဒါးလက်အနောက်ကျေးရွာများသို့ ယမန်နေ့ဇန်နဝါရီလ ၁၁ရက် ညနေမှ ယနေ့ ညနေအထိ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

” ဒီဖက်မှာ အပြစ်မဲ့ ပြည်သူတွေကို ပိုမို အငြိုးအတေးထား ပစ်ခတ်တာတွေ လုပ်လာတယ်။ မနေ့ညကလည်း လေယာဥ်တွေနဲ့ ဗုံးလာကြဲတာ မျက်မြင်ကိုယ်တိုင်မြင်ရတယ်။ လေယာဥ်နဲ့ကြဲလို့ ထိခိုက်စာရင်းတော့ မသိရသေးဘူး”ဟု အမ်းမြို့ ဒေသခံတဦးကပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းကလည်း မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့နှင့်အနီးတဝိုက်အား စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မင်းပြား၊မြောက်ဦးဖက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတော့ ကဇူးကိုင်းရွာအနီး တောဟိန်းတောင်မှာ တပ်စွဲထားတဲ့ ဗျူဟာကုန်းသာ ကျသွားရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကိုပါ AAဘက်က တက်သိမ်းလာနိုင်တော့မှာမို့ စစ်ကောင်စီကကြောက်ပြီး ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်နိုင်ပါတယ်။ကြိုတင်ပစ်ခတ်တာက ကြောက်ပြီးရမ်းနေတာဖြစ်နိုင်ပါတယ်”ဟု အမ်းမြို့ခံတဦးက ပြောသည်။

မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း မင်းပြား၊ မြောက်ဦးမြို့များ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိသည်။ စစ်ကောင်စီသည် ယမန်နေ့က ရမ်းဗြဲနှင့် ပေါက်မြို့နယ်၌ အရပ်သားများအားပစ်မှတ်ထားပစ်ခတ်ခြင်း၊ နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေကြောင်း AAကသတင်းထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အေးချမ်း