နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၂ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန က ဖော်ဆောင်နေသည့် Federal Net ကို တစ်နှစ်အတွင်း မြို့နယ် ၄၀ကျော်တွင် စတင်အသုံးပြုနေ ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားသည်။ 
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တပ်သား ၃ ဦးက လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်သည်။ 
  • တအာင်းပြည်သူအားလုံးက ၁၉၆၃ ခုနှစ်ကစတင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှမှုတို့အတွက် စစ်အာဏာရှင် စနစ်လက်အောက်က လွတ်မြောက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသည်မှာ  (၆၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ် ကြောင်း CRPH ကထုတ်ပြန်သည်။ 
  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင် နှင့် ပခုက္ကူခရိုင်အတွင်းက စစ်ရှောင်စခန်းများကို အမျိုးသား ညီညွတ်ရေး အစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း သွားရောက် ကူညီထောက်ပံ့ မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
  • လက်နက်၊ ခဲယမ်းလိုအပ်ချက် ရှိနေသော်လည်း စုစုစည်းစည်းနှင့် ခိုင်မာသည့် စိတ်ဓာတ်များနှင့်  ယနေ့လိုအောင်ပွဲများ တဆင့်ပြီးတဆင့်ရလာခဲ့သည့် အနေအထားကို ဗျူဟာကျကျ စစ်ရေး ဖိအားများ ဆက်တိုက် ပေးသွားနိုင်လျှင် အောင်ပွဲများ ဆက်လက်ဆင်နွှဲ နေနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 
  • ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကယားပြုံးချောင်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၀ ဦး အရှင်ဖမ်းဆီးရမိပြီး ဦးရေ ၃၀ ခန့်သေဆုံးမှုရှိသည်ဟု တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ရင်း (၃၅၀၁) ၏ တာဝန်ရှိသူ တဦးကပြောသည်။ 
  • တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နတ်သံကွင်းမြို့တွင် စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ ရဲဘော်တင်ဦးက‌ ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ရွာမှ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 
  • မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာနှင့် ခုံမော်ကျေးရွာကြားတွင် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ လည်းရှိကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲရာ ဘန့်ဘွေး ကျေးရွာကို မြို့နယ်သုံးခုရှိ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ၃နာရီကြာ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုတွေ ဦးဆောင်သည့် အားမာန်သစ်သပိတ်‌ စစ်ကြောင်းသည် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • TNLAက တအာင်းအမျိုးသားတော်လှန်ရေးနေ့ထိမ်းအမှတ်အဖြစ် အကျဉ်းသား ၂၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။ 
  • မြန်မာနိုင်ငံမြောက်ပိုင်းရှိ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲမှုကို သဘောတူခဲ့ကြောင်း မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်တခု ဖြစ်သည့် TNLA ၏ ခေါင်းဆောင်တဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။ 
  • စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး (PSLF) ၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ သိမ်းပိုက်ထားသည့် မြို့ခုနစ်မြို့တွင် တိုင်း ရင်းသားလူမျိုးမခွဲခြားသည့် အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း TNLA ဥက္ကဌဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။ 
  • ရှေးဟောင်းနန်းမြို့တော်မြောက်ဦးမြို့အား စစ်ကောင်စီက လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ထပ်မံပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နှင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ကြား၌ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့ရသည်။ 

စစ်ကောင်စီ 

  • ယနေ့ မွန်းလွဲ ၁နာရီ အချိန်မှ စတင်ပြီး စစ်ကောင်စီ ရန်ကုန်တိုင်း၊အစိုးရအဖွဲရုံး၌ အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ် နှင့်နိုင်ငံရေးပါတီများ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
  • ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယခု ရက်ပိုင်းအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးများမှ ဦးဆောင်၍ ပြည်သူများအား မဲနှိုက်ရွေးချယ်၍ စစ်သင်တန်းတက်ရောက်ရန်နှင့် ရပ်ရွာ လုံခြုံရေးအတွက် စစ်မှုထမ်းရန် အင်အားစုဆောင်းလျက်ရှိသည်ဟု ပဲခူးတိုင်းသတင်း ရင်းမြစ်တို့မှ မဇ္ဈိမကိုပြောသည်။ 
  • တရုတ်နိုင်ငံက ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီ နှင့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့အကြား ယာယီ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရခဲ့ကြောင်း စစ်ကောင်စီ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 
  • ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းတွင် ဖွင့်လှစ်ထားသည့် ပင်လုံ ပုဂ္ဂလိက ဆေးရုံကို စစ်ကောင်စီက ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။ 
  • ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့်  အိုင်ယာလန်စသည့် ဥရောပနိုင်ငံများတွင် ရောက်ရှိနေထိုင်ပြီး အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံ သွားမည် ဖြစ် ကြောင်း စစ်ကောင်စီ၏  ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက အသိပေးထုတ်ပြန် ထားသည်။ 
  • ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်ကနေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး နိုင်မှု နည်းနေ သေးကြောင်း စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ 

ဇန်နဝါရီ ၁၂ သုံးသပ်ချက် 

  • တရုတ်နိုင်ငံ၏   ရှမ်းမြောက်တွင် ယာယီအပစ်ရပ်သော်လည်း သေနတ်ကျည်တစ်ပေါက်သည်နှင့် အချိန်မရွေး ပြန်လည်တိုက်ပွဲဖြစ်ပွားနိုင်သလို တခြားမြိုများ ဒေသများတွင်လည်း တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာနိုင်ဖွယ်ရှိနေသည်။ 
  • စစ်တပ်ယိမ်း နိုင်ငံရေးပါတီများသည် စစ်ကောင်စီက ပြုလုပ်မည် ရွေးကောက်ပွဲကို မျှော်နေပြီး အာဆီယံ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံမှုတွင်လည်း ရွေးကောက်ပွဲလမ်းကြောင်းကို ယင်းကိုယ်စားလှယ်အား နားသွင်းဖွယ်ရှိနေသည်။ယင်းနိုင်ငံရေးပါတီများအနေဖြင့် ၂၀၀၈ ခြေဥကို အခြေခံပြီး ၂၀၁၀ ရွေးကောက် ပွဲ ပုံစံမျိုးနှင့် အခြေအနေမတူညီသည်ကို သတိချပ်ရမည်ဖြစ်သည်။