တရုတ်မိုးပျံပူဖောင်းများသည် ထိုင်ဝမ် ရွေးကောက်ပွဲကို လွှမ်းမိုးရန်ရည်ရွယ်ကြောင်း ပညာရှင်များပြောကြား

(Photo by SAUL LOEB / AFP)

Beijing News.Net:

ထိုင်ဝမ်ရေလက်ကြားပေါ်တွင် ပျံသန်းနေသည့် တရုတ်မိုးပျံပူဖောင်း သုံးလုံးကို ထပ်မံထောက်လှမ်းတွေ့ရှိခဲ့ ကြောင်းနှင့် ယင်းကဲ့သို့ ပူဖောင်းအများအပြားကို ပြီးခဲ့သည့်လအတွင်း တွေ့ရှိခဲ့ရပြီး ယခုတကြိမ်မှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားထားသည်။

ဒီဇင်ဘာလမှစတင်၍ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ပျံသန်းခဲ့သည့် တရုတ် အမြင့်ပျံ မိုးပျံပူဖောင်း အလုံး ၂၀ နီးပါးကို တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ အများစုမှာ ထိုင်ဝမ်ပေါ်မှ ဖြတ်ပျံခဲ့ပြီး ယခင်တပတ်က တွေ့ရှိခဲ့သော အဆိုပါပူဖောင်း သုံးလုံးမှာ အရေးပါသည့် စစ်အခြေစိုက်စခန်းများပေါ်မှပင် ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်သည် ဇန်နဝါရီ ၁၃ ရက်တွင်ကျင်းပမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမတိုင်မီ မိုးပျံပူဖောင်းများကို အသုံးပြု၍ အရပ်ဘက်လေကြောင်းလုံခြုံရေးကို ခြိမ်းခြောက်ပြီး စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

မိုးပျံပူဖောင်းများသည် နိုင်ငံတကာအရပ်ဘက်လေကြောင်းဆိုင်ရာ ခြိမ်းခြောက်ခြင်း ဟုတ်၊ မဟုတ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းအား မေးမြန်းခဲ့ရာ “အဆိုပါ ကိစ္စကို သိရှိထားခြင်း မရှိကြောင်းနှင့် ၎င်းသည် တရုတ်၏ နိုင်ငံခြားရေးနှင့် သက်ဆိုင်ခြင်းမရှိကြောင်း” ရိုက်တာသတင်းဌာနသို့ ဇန်နဝါရီ ၈ ရက်တွင် ဖြေကြားခဲ့သည်။

မိုးပျံပူဖောင်းများသည် ထိုင်ဝမ်ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးရန် တရုတ်၏ ကြိုးပမ်းမှုများထဲတွင် ပါဝင်သည်ဟု ပညာရှင်အချို့က ယူဆထားသည်။

ထိုင်ဝမ်နှင့်ပတ်သက်၍ တရုတ်က တိုက်လေယာဉ်နှင့် စစ်သင်္ဘောများအပြင် အမြင့်ပျံ မိုးပျံပူဖောင်းများကိုပါ အသုံးပြုလာခြင်းဖြစ်ကြောင်း ဗာဂျီးနီးယာအခြေစိုက် အကျိုးအမြတ်မယူသော သုတေသနအဖွဲ့ဖြစ်သည့် Project 2049 အဖွဲ့မှ အကြီးတန်းညွှန်ကြားရေးမှူး မိုက်ကယ်မက်ဇ်ဇာက ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည်ဟု ရှုမြင်ကြောင်း ၎င်းက VOA သတင်းဌာနသို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

“ထိုင်ဝမ်ပေါ်ကို မိုးပျံပူဖောင်း ၃ လုံး တိုက်ရိုက်စေလွှတ်တာဟာ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ ထိုင်ဝမ်ပိုင်နက်ကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ဖော်ပြနေတာပါ” ဟု မက်ဇ်ဇာက ထပ်မံပြောကြားခဲ့သည်။ “ဒီလိုလုပ်ဖို့ ပူဖောင်းအများအပြားကို စေလွှတ်ခဲ့တာပါ။ ထိုင်ဝမ်လေပိုင်နက်ကို ပိုမိုခြိမ်းခြောက်ဖို့ ထပ်မံတိုးမြှင့်ဆောင်ရွက်လာနိုင်ပါတယ်။ ‘အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း၊ ဒါပေမဲ့ အခြေအနေတွေ ပိုကောင်းလာအောင် မဲပေးရွေးချယ်နိုင်ကြောင်း’ ထိုင်ဝမ်ပြည်သူတွေကို သတင်းစကားပါးချင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် လွတ်လပ်ရေးလိုလားသည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)မှ ဝီလီယံလိုင်မှာ တစ်ပြေးနေပြီး တရုတ်နှင့်နီးစပ်သော အမျိုးသားရေးပါတီဖြစ်သည့် အကြီးဆုံး အတိုက်အခံပါတီ ကူမင်တန် (KMT)မှ ဟောက်ယူ-အီနှင့် ထိုင်ဝမ်ပြည်သူ့ပါတီမှ သမ္မတလောင်း ကိုဝမ်-ကျဲတို့လည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

တရုတ်သည် ထိုင်ဝမ်ကို ဝိုင်းပတ်ပိတ်ဆို့ထားရန် တနှစ်ကျော်အတွင်း ဒရုန်းများ ပိုမိုအသုံးပြုလာခြင်း အပါအဝင် နည်းလမ်းသစ်များကို အသုံးပြုလာကြောင်း ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ China Power Project မှ ပညာရှင် ဘရိုင်ယန်ဟတ်က VOA သတင်းဌာသို့ ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်သည် ထိုင်ဝမ်ကို ခြိမ်းခြောက်ရန်နှင့် အာဏာရ သမ္မတဆိုင်အင်ဝမ်အစိုးရအဖွဲ့ကို ဖိအားပေးရန် နည်းလမ်းပေါင်းစုံ အသုံးပြုလျက်ရှိကြောင်း၊ ဝီလီယံလိုင်သာ သမ္မတဖြစ်လာခဲ့ပါက ယင်းကဲ့သို့ ဆောင်ရွက်ချက်များကို တိုးမြှင့်လုပ်ဆောင်ရန် တရုတ်အတွက် မဟာအခွင့်အရေး ရရှိသွားမည်ဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

“မိုးပျံပူဖောင်းများသည် အလွန်မြင့်မားစွာ ပျံသန်းခြင်းအားဖြင့် ပစ်ချရန် ခက်ခဲကြောင်း၊ ထောက်လှမ်းရေး သတင်းအချက်အလက်များကို စုဆောင်းရန် လွန်စွာကောင်းမွန်သည့်နည်းလမ်းဖြစ်ပြီး နယ်မြေတခုပေါ်တွင် ဖြည်းညှင်းစွာ ပျံသန်း၍ အသေးစိတ်အချက်အလက်များကို ရယူနိုင်ခြေရှိကြောင်း” RAND ကော်ပိုရေးရှင်းမှ ထိုင်ဝမ်မူဝါဒရေးရာအဖွဲ့ ညွှန်ကြားရေးမှူး ရေမွန်ကောင်း က ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်လေပိုင်နက်ကို ၎င်းအလိုရှိသလို ကျူးကျော်နိုင်ကြောင်းနှင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာ ကို ခြိမ်းခြောက်နိုင်ကြောင်း မိုးပျံပူးပေါင်းများက သက်သေပြနေပြီး ရွေးကောက်ပွဲတွင် ထိုင်ဝမ်ပြည်သူများကို စိတ်ဓာတ်ကျစေမည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် တရုတ်၏ နည်းလမ်းမှာ အလုပ် ဖြစ်၊ မဖြစ် သံသယဝင်မိပြီး အဆိုပါဖြစ်စဉ်များကြောင့် ထိုင်ဝမ်သည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်မှုတွင် အမေရိကန်နှင့် အခြားအာရှမိတ်ဖက်များနှင့် ပိုမိုနီးစပ်သွားစေနိုင်ကြောင်း ရေမွန်ကောင်းက ထပ်မံပြောကြားခဲ့သည်။

ထိုင်ဝမ်သည် သတိထားစောင့်ကြည့်နေဆဲဖြစ်သော်လည်း မိုးပျံပူဖောင်းများကို ပစ်ချရန် ဆုံးဖြတ်လာနိုင်ကြောင်း တိုင်ပေအခြေစိုက် နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေးနှင့်လုံခြုံရေးသုတေသနအဖွဲ့မှ စစ်ရေးကျွမ်းကျင်သူ ဆူဇု-ယွန်းက ပြောကြားခဲ့သည်။

ခြိမ်းခြောက်မှုအတိုင်းအတာကို ထိုင်ဝမ်က ချိန်ဆနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ထိုင်ဝမ်သည် အဆိုပါ ခြိမ်းခြောက်မှုများကို လိုအပ်သလို တုံ့ပြန်ရန် ချိန်ဆနေခြင်းဖြစ်ပြီး မိုးပျံပူဖောင်းများသည် ထိုင်ဝမ်ကို အန္တရာယ်ပေးလာပါ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ကို ပစ်ချဖို့ ဆုံးဖြတ်ရန်လိုအပ်မည်ဖြစ်ကြောင်း ဆူဇု-ယွန်းက ပြောကြားခဲ့သည်။