နောင်ချို၊ ကျောက်မဲနှင့် လားရှိုးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်

007

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနှင့် လားရှိုးမြို့အနီး၀န်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လယ်ပိုင်းအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီနေ့အထိ လက်နက်ကြီးပစ်သံတွေ ကြားနေရတုန်းပဲ၊ မနေ့ကဆိုရင် တနေကုန်ပဲ၊ စစ်တပ်က ပစ်တာဗျ၊ သူတို့က မြို့ပြင်တောင်ကုန်းပေါ်မှာ နေရာယူထားတာဆိုတော့၊ အဲဒီကနေ ပစ်တာ၊ ဘယ်ကိုပစ်မှန်းတော့ မသိဘူး၊ ပစ်တာတော့အမှန်ပဲ” ဟု ကျောက်မဲမြို့ခံ သတင်းရင်းမြစ်ကပြောသည်။

ကျောက်မဲမြို့သည် လေးဘက်လေးတန် တောင်ကုန်းများဖြင့်၀န်းရံထားသည့် ဒယ်အိုးပုံသဏ္ဍန်မြို့ဖြစ် ခြင်းကြောင့် တောင်ကုန်းများတွင်တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ် သည့်အသံများကို မြို့လူထုက အလွယ်တကူကြားသိကြရကြောင်းလည်း ဒေသခံများက ဆိုသည်။

အလားတူ ကျောက်မဲမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသည့် နောင်ချိုမြို့နယ်၊ လယ်ကြီးတောကျေးရွာကိုလည်း ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့ ညနေပိုင်းမှ ညဉ့်နက်သန်းခေါင်ကျော်အထိ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

နောင်ချိုမြို့တောင်ဘက်ရှိ အမှတ်(၆၀၆) ဒုံးတပ်ရင်းနှင့် ခမရ(၁၁၅)တို့မှ လယ်ကြီးတောကျေးရွာအတွင်း သို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး ဒဏ်ရာ ရပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

“မြို့တောင်ဘက်က စစ်တပ်ကုန်းနှစ်ခုကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ တိုက်ပွဲမဖြစ်ဘဲ ပစ်တာနော်၊ လယ်ကြီးတောရွာထဲ လက်နက်ကြီးကျည်ကျပြီး ရွာသားသုံးယောက်ထိတယ်။ သေတယ်တော့မကြား မိဘူး။ အခု အဲဒီဘက်ကလူတွေ ရွာထဲမနေရဲလို့ တခြားထွက်ရှောင်နေကြရတယ်” ဟု နောင်ချိုမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

အလားတူ ကျောက်မဲမြို့နှင့် မိုင် ၆၀ ကျော်ကွာဝေးသည့် လားရှိုးမြို့တွင်လည်း ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်တို့က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးသံများ တနေကုန်နီးပါး ကြားခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ကျောက်မဲမြို့နယ်အတွင်း TNLA တပ်စွဲ ထားသော ငြိမ်းချမ်းရေးကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ကျောက်မဲမြို့ အ၀င်ရှိ အမှတ် (၅၀၁)နှင့် (၅၀၂) တပ်တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် ဇန်နဝါရီ ၁၁ ရက်က ရေးထိုးခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ် ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း နောက်ဆုံးရရှိသည့် သတင်းအရ စစ်ကောင်စီသည် ၎င်းတို့ကိုယ်တိုင် အပစ်ရပ်တောင်းဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး၀န်းကျင်ကို စစ်အင်အားတိုးမြှင့်ချထား ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြား၀င်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးပြီး ဇန်နဝါရီလ ၁၁ ရက် ညမှစ၍ အပစ်ရပ်ကြရန် သဘောတူခဲ့ကြသည်။

သို့သော် စစ်ကောင်စီသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် မိုးမိတ်မြို့နယ်တို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကျောက်မဲ၊ လားရှိုးနှင့် မိုးကုတ် မြို့နယ်တို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ