နွားထိုးကြီးတွင် ထွေအုပ်ဝန်ထမ်း ၁ ဦး ပစ်သတ်ခံရ

007

(မဇ္စျိမ) ။ ။ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာက ထွေအုပ်၀န် ထမ်းစာရေးမတဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ ၀န်ထမ်းဖြစ်သူ အသက် (၄၅) နှစ်အရွယ် ဒေါ်စန္ဒာစိန်သည် ကျေးရွာအတွင်းဖွင့်ထားသော ကုန်စုံဆိုင်တခုမှ စျေး၀ယ်ပြီး ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ဆိုင်ကယ်သုံးစီးဖြင့် အနောက်မှလိုက်လာသော လူငါးဦးက သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ပစ်သတ်ခံရသူက ရွာကြီး(ကျေးရွာ)က ရပ်/ကျေး ထွေ/အုပ်စာရေးမပါ၊ စျေး၀ယ်ထွက်ပြီး အိမ်ပြန်လာတာကို ဆိုင်ကယ်တွေနဲ့နောက်ကနေလိုက်လာပြီးပစ်သတ်သွားတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်စန္ဒာစိန်၏ ဦးခေါင်းတွင် ဒဏ်ရာလေးချက်၊ ခါးတွင် ဒဏ်ရာတချက်၊ ဝဲဘက်ခြေထောက်တွင် ဒဏ်ရာနှစ်ချက်တို့ရရှိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွား ကြောင်း သိရသည်။

မည်သူတို့က ပစ်သတ်ခဲ့သည်ကို မသိရသေးပေ။

နွားထိုးကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တဦး ပစ်သတ်ခံခဲ့ရသည်။

နွားထိုးကြီးမြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အပါအ၀င် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး၊ နှုတ်ထွက်စာတင်ကြရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဇန်နဝါရီလ ၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်