TNLA သိမ်းပိုက်ထားသည့် မြို့နယ် ၃ မြို့ကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ

ရွှေနွယ်(မဇ္ဈိမ)။ ။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) သိမ်းပိုက်ကာ အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့တို့အား စစ်အုပ်ချုပ်ရေး မာရှယ်လော သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြားမှ ယနေ့ မတ်လ ၄ ရက် ညပိုင်းတွင် ကြေညာသည်။

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်ရန်ဟု ဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉) အရအပ်နှင်းသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အခြေအနေအရပ်ရပ်ပေါ်မူတည်၍ စစ်နယ်မြေမှူးများကိုလည်း တာဝန်လွှဲအပ်၍ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးနိုင်သည်ဟု ဆိုထားသည်။

စစ်ကောင်စီမှ ထိုသို့ စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့တို့သည် TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း အပြီးသတ်သိမ်းပိုက်ထားနိုင်သည့်မြို့နယ်များဖြစ်သည်။

မန်တုံမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ နမ့်ဆန်မြို့ကို ဒီဇင်ဘာ ၁၅ ရက်နှင့် နမ္မတူမြို့ကိုမူ ဒီဇင်ဘာ ၂၈ ရက်နေ့တို့တွင် အသီးသီးသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတာဝန်ရှိသူကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် စတုတ္ထအကြိမ်မြောက်တွေ့ဆုံဆွေးနွေးညှိုနှိုင်းပြီး ယခုကဲ့သို့ စစ်ကောင်စီမှထုတ်ပြန်လာခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးခိုင်မာရန် ဆက်လက်ဆွေးနွေးနေကြောင်းနှင့် နယ်စပ်ထွက်ပေါက်အရေးကိစ္စများကိုလည်း ဆွေးနွေးလျက်ရှိကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ ပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး