နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၆ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး အသွင် ကူးပြောင်းမှု ကာလ တရားမျှတမှု လုပ်ငန်းစဉ်အတွက် သေချာ ပြင်ဆင်ထားကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မှာကြားကြောင်း သိရှိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တက်ကြွပြီး လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသကဲ့သို့ လက်တွေ့ကျသည့် နိုင်ငံခြားရေးသဘောထားကိုလည်း ချမှတ်ထားကြောင်း ယာယီသမ္မတပြောကြားသည်။ 
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀နာရီ၌  ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်း အဝေးကို ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၃ နာရီ၌  ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကောင်စီကအာဏာသိမ်းယူပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ ဒေသအလိုက် လူသားချင်းစာနာမှုအကူအညီအဖြစ် ကျပ် ၁၀.၅၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅.၀၁ သန်း) ထောက်ပံ့ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(NUG-MoHADM)မှ က ထုတ်ပြန်သည်။ 
  • မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ဟောင်းခုနစ်မြို့ကို ကြားကာလအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ကြောင်း NUG က ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မွန်ပြည်နယ်၊ ကျိုက်မ‌ရောထောင်မှာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားသည့် ပုဒ်မ ၅၂ (က)ဖြင့် မတရားဖမ်းဆီး အကျဥ်းချထားသော အသက် (၃၁) နှစ်အရွယ် မီးသတ် (CDM) နိုင်ငံရေး အကျဥ်း သား ၁ ဦး  ထပ်မံကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်( ULA/AA )တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က မင်းပြားမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု မင်းပြားမြို့ ဒေသခံများထံမှ သိရသည်။  
  • စစ်တပ် အာဏာသိမ်းကတည်းက သတင်းမီဒီယာသမားများကို ပစ်မှတ်ထားဖမ်းဆီးနေကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသည့်  မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီ အပါအဝင် မတရားဖမ်းဆီးခံထားရသော  သတင်းမီဒီယာသမားများကို လွှတ်ပေးရန် သတင်းမီဒီယာအဖွဲ့ အစည်းများနှင့် အရပ်ဖက်အဖွဲ့များ က ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။ 
  • ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံလမ်းမကြီးပေါ် အရှေ့ဈေးကုန်းလမ်းအနီးရှိ အင်းစိန် စီအိုင်ဒီ( Criminal Investigation Department – Insein)ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံးအရှေ့တွင် ယမန်နေ့ ဇန်နဝါရီ ၁၅ရက် ညနေ ၇နာရီကျော်က ဗုံးနှစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း ‌၎င်းအနီးရှိ ဒေသခံများက ပြောသည်။ 
  • မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာက ထွေအုပ်၀န် ထမ်းစာရေးမတဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။ 
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အုန်းကုန်းကျေးရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အဘွားအို တစ်ဦးသေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 
  • ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့မှ ကြံ့ဖွတ်ပါတီရပ်/ကျေး ဥက္ကဋ္ဌ နှင့် မြို့နယ်ကော် မတီဝင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ပျူစောထီး ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် ၁၂ ဦးကို “သိန္နီ တိုက်ပွဲ အာဇာနည်” များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြည့်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ဂုဏ်ပြု ထုတ်ပြန်ထားသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာဘက်တွင် စစ်ကောင်စီ၏ဂျက်တိုက်ခိုက်ရေးလေယာဉ်တစီးကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက်က ပစ်ချလိုက်နိုင်ကြောင်း ကနဦးသတင်းရရှိထားသည်ဟု ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ပြောသည်။ 
  • ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်၊ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးပူး ပေါင်းအဖွဲ့ က ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း CDF -CDM Siyin တပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကို အတည်ပြုပြောသည် 
  • ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ အထိုင်တပ်ဖြစ်သည့် ခလရ (၁၂၃) တပ်ရင်းကို KIA နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇန်နဝါရီလ ၁၅ ရက်နေ့) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။ 

စစ်ကောင်စီ 

  • တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံ၏ ခွဲထွက်၍ မရသည့် အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ် တွင် ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများကြဲချဖျက်ဆီးနေကြောင်း ဒေသခံများ ကပြောသည်။ 
  • တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စာမေးပွဲများ ကျင်းပရန်အတွက် ဇန်နဝါရီလ ၁၅ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများက  ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

ဇန်နဝါရီ ၁၆ သုံးသပ်ချက် 

  • ရှမ်းမြောက်တွင် မြောက်ပိုင်းအဖွဲ့၏ ထိုးစစ်များ ရပ်တန့်သွားသော်လည်း ရခိုင်ပြည်နယ် နှင့် ကချင် ပြည်နယ်  တို့တွင် တိုက်ပွဲများ အပြင်းအထန်းဖြစ်လာပြီး ယင်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့များ စခန်းများမြို့များ အသိမ်းခံနေရသည့်အတွက် စစ်ကောင်စီတပ်သည် ပြိုလဲနေပြီဟု ဆိုရမည်ဖြစ်သည်။